ထားဝယ် ၂၀  ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့   အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တားမြစ်ထားသော ဓာတုပစ္စည်းများပါဝင်သည့် အစားအသောက်များ၊ အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန်နှင့် အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ထားဝယ်မြို့ပေါ်ရှိ စားသောက်ဆိုင် (၆၇) ဆိုင်နှင့် ညစျေးတန်းရှိ ဆိုင် (၁၁) ဆိုင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (FDA) တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ DOCA ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ညဈေးတန်းများကို ကြည့်ရှု့စစ်ဆေးပြီး ပြန်ကြော်ဆီများအသုံး မပြုရန်၊ ယင်၊ ကြွက်အစရှိသည်တို့ ရန်မှ ကင်းဝေးအောင် ဆောက်ရွက်ရန်၊ အလွန်အမင်းပူသော အစားအသောက်များကို ဖော့ဘူး၊ ကြွပ်ကြွပ်အိပ်များဖြင့် ထည့်ပြီးမရောင်းရန် တားမြစ်ဆိုးဆေးများနှင့် တာရှည်ခံဆေးများ၏ ဆိုးကျိုးများ အကြောင်းကို အသိပညာပေးပြောကြားပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ဆက်လက်၍ သံသယရှိသော မုန့်ဖတ်၊ ခေါက်ဆွဲဖတ်၊ ပဲပင်ပေါက်နှင့် အသားလုံးအစားအသောက် နမူနာ (၁၁) မျိုးကို ကောက်ယူပြီး တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ရွေ့လျားဓာတ်ခွဲယာဉ်တွင် စစ်ဆေးရာ ခေါက်ဆွဲဖတ်များတွင် Borax တာရှည်ခံဆေးများ ပါဝင်ခဲ့ကြောင်း သိရသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)