နေပြည်တော်  ၂ဝ  ဒီဇင်ဘာ

 

၂၀၂၀ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းအပ်နှံကြမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ အဝေးသင် သင်တန်း ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် မိဘပြည်သူများသို့ ပညာရေးဝန်ကြီးဌာနက အသိပေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အဝေးသင်သင်တန်း ပထမနှစ် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများသည်မိမိတို့ မူလဝင်ခွင့် ရရှိသည့် တက္ကသိုလ်/ ဒီဂရီကောလိပ်/ကောလိပ်များ၌ ကိုယ်တိုင် ဒီဇင်ဘာ (၂၃) ရက်မှ စတင်၍ ကျောင်းအပ်နှံရန်နှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး ကျောင်းအပ်နှံကြရန်ဖြစ်ကြောင်း။

 

အလားတူ ၂၀၁၉ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး ပထမနှစ် တက်ရောက်မည့် ကျောင်းသားများနှင့် ပထမနှစ်ကျရှုံးကျောင်းသားများသည်လည်း ၂၀၂၀ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထားပြီး မပျက်မကွက် ကျောင်းအပ်နှံကြရန်ဖြစ်ကြောင်း။

 

ကျောင်းအပ်နှံခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းရပ်နားခြင်း၊ ကျောင်းမှ နုတ်ထွက်ခြင်းစသည့် သင်တန်းရေးရာနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ကျောင်းသား၊ ကျောင်းသူကိုယ်တိုင်သက်ဆိုင်ရာ ကျောင်းများသို့ လာရောက်ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် အဆိုပါကိစ္စများအား ဆောင်ရွက်ရာတွင် ပေးသွင်းရမည့် သတ်မှတ်ငွေကြေးမှအပ အခြားငွေကြေးများတစ်စုံတစ်ရာပေးရန် မလိုအပ်ကြောင်း။

 

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဝေးသင်သင်တန်းများ၏ သတ်မှတ်ချက်ဖြစ်သော Assignment များကို သက်ဆိုင်ရာကျောင်းတွင် မပျက်မကွက်အချိန်မီ တင်သွင်းကြရန်နှင့်  သိပ္ပံလက်တွေ့တန်း၊ နည်းပြတန်းနှင့်ဝိဇ္ဇာအနီးကပ်သင်တန်းများကို အချိန်ပြည့် တက်ရောက်ကြရန် ဖြစ်ကြောင်း။

 

တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍အကြံပြုစာများပေးပို့လိုပါက ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၁၃)(email :[email protected]) သို့မဟုတ် အဆင့်မြင့် ပညာဦးစီးဌာန၊ နေပြည်တော်(email : suggestbox. studentaffairs. dhe@gmail. com)သို့ ဆက်သွယ်ပေးပို့ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်