နေပြည်တော် ၂၀ ဒီဇင်ဘာ
မြန်မာနိုင်ငံ သားဖွားစွမ်းအားစုဆိုင်ရာ မူဝါဒအတည်ပြုရေးဆွဲခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Royal Nay Pyi Taw Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီ သော သားဖွားဆရာမများမွေးထုတ်ရေး၊ သားဖွားဆရာမများအတွက် သင်ကြားသင်ယူမှုစနစ်များ ကောင်းမွန်ရေး၊ လုပ်ငန်းတက်လမ်း တိုးတက်ကောင်းမွန်ရေး အပါအဝင် သားဖွားဆရာမများ၏ အခန်းကဏ္ဍမြင့်မားရေးနှင့် လုပ်ငန်းခွင်အဆင်ပြေချောမွေ့ရေးအတွက် မြန်မာနိုင်ငံ သားဖွားစွမ်းအားစု ဆိုင်ရာ မူဝါဒပေါ်ထွက်လာရန် အရေးကြီးကြောင်း၊ သားဖွားဆရာမများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာခြင်းဖြင့် မိခင်နှင့်ကလေး ကျန်းမာရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်ကာ မိခင်သေဆုံးမှု၊ ကလေးသေဆုံးမှုနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများဖြစ်ပွားမှုတို့ ပိုမိုလျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ သားဖွား စွမ်းအားစုဆိုင်ရာ မူဝါဒကို အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇ - ၂၀၂၁)၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မဟာဗျူဟာ (၂၀၁၈ - ၂၀၂၁) တို့နှင့် ချိတ်ဆက်မှုရှိသည့်အပြင် နိုင်ငံတကာလမ်းညွှန် စံသတ်မှတ်ချက်များ၊ ကျင့်ဝတ်များ၊ သားဖွားနှင့် အမျိုးသမီးများ၏ အခြေခံရပိုင်ခွင့်များကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ကောင်းမွန်သည့် မြန်မာနိုင်ငံ သားဖွားစွမ်းအားစုဆိုင်ရာ မူဝါဒပေါ်ပေါက်လာခြင်းဖြင့် ပြည်သူများ၏ မျိုးဆက်ပွားကျန်းမာရေး၊ မိခင်၊ မွေးကင်းစကလေး၊ ကလေးသူငယ်နှင့် ဆယ်ကျော်သက်တို့၏ ကျန်းမာရေးရလဒ်များ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ (United Nations Population Fund – UNFPA) အဖွဲ့မှ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်ဌေးဌေးလှိုင်တို့က မူဝါဒ ရေးဆွဲဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားကြသည်။
(သတင်းစဉ်)