တက္ကသိုလ်တင်ခ
မြန်မာစာအဖွဲ့ဝင် ဆရာမကြီး ဒေါ်ရှိန်းပိုင် ကြိုးစားအားထုတ် ရေးသားပြုစုထားသော ချင်းတိုင်းရင်းသား ကလေးချော့တေးစာစုကို ဂုဏ်ပြုဖော်ပြလိုပါသဖြင့် ဤအမှာစကားကို "တိုင်းရင်းသားတို့ကို ရိုင်းပင်းစကားဆိုပါမည်" ဟု ဖော်ညွှန်းမော်ကွန်းတင်အပ်ပါသည်။
ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်သော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့်ပင် ကျွန်တော့်အနေဖြင့် စာရေးသူအမည်ပေးထားသော ရိုးရာသားချော့တေးတစ်ခုကို အမှာစကား ဟုရေးသားခြင်းမဟုတ်၊ စာပေမျိုးနွယ်စု တိုင်းရင်းသားတစ်ဦး အနေဖြင့် နိဒါန်းဖွင့်လိုပါသည်။
တကယ်ဆိုမူ ကျွန်တော်သည် ဘာသာဗေဒပညာရှင် တစ်ဦးမဟုတ်ပေ။ ကျွန်တော်သည် စကားပြေထက် ကဗျာကို ပိုမိုနှစ်သက်မိပါသည်။ ကျွန်တော်၏ ကလောင်အမည်ကို စတင်ယူစဉ်ကပင် ၁၉၅၇ ခုနှစ် မြန်မာ့အလင်း သတင်းစာ သင်္ကြန်အထူးထုတ်တွင် "ပွဲသဘင် မနွှဲချင် ဘဝင်နွမ်းကာပ" လေးချိုးကဗျာဖြင့် အမှတ်တရ ဖော်ပြခြင်းခံခဲ့ရပါသည်။
ထို့ကြောင့်ပင် ဆရာမကြီး ဒေါ်ရှိန်းပိုင် ဘာသာဗေဒပညာရှင် ပြုစုသော သားချော့တေးစာစုကို “တိုင်းရင်းသားတို့ကို ရိုင်းပင်းစကားဆိုပါမည” ဟု ဂုဏ်ပြုရေးသားထားပါသည်။ ကျွန်တော်သည် စစ်တက္ကသိုလ် မြန်မာစာဌာနတွင် ကထိကဌာနမှူးတာဝန်ယူစဉ်ကပင် ကျွန်တော့်ယာဉ်မောင်းမှာ ချင်းတိုင်းရင်းသား "ဒိုးပျံ့" ဖြစ်ပါသည်။ သူသည် ရိုးသားကြိုးစား တာဝန်ထမ်းခဲ့သူဖြစ်၍ ကျွန်တော့်မိသားစု ဆွေမျိုးသားချင်းပမာ ခင်မင်စွာ ဆက်ဆံခဲ့ပါသည်။
ကျွန်တော်သည် အဆိုပါတက္ကသိုလ်တွင် မြန်မာစာဌာန၌ နည်းပြ၊ လက်ထောက်ကထိက၊ ပါမောက္ခဘဝဖြစ်စဉ် တိုင်းရင်းသားမိသားစုများ၏ သားချင်းဗိုလ်လောင်းများကို စာပေပညာကို တတ်စွမ်းသမျှ ကြိုးပမ်းသင်ကြား ပေးခဲ့ပါသည်။ ထို့ကြောင့် ယခုဆရာမကြီး ဒေါ်ရှိန်းပိုင်၏ သားချော့တေးစာစုကို အမှာစာသဘောမဟုတ်၊ ရဲဘော်ရဲဘက် ညီနောင်သွေးချင်းပမာ ရေးခြင်းသာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုပါသည်။ ။
သူ၏ကလေးချော့တေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ကိုးလလွယ်ဆယ်လမွေး ရင်သွေးနီတာထွေးလေးများအကြောင်း ရေးသားချက်များကို ဖတ်ရှုလေ့လာရပါသဖြင့် မိဘကျေးဇူးကို အထူးဆပ်သည့်အနေဖြင့် ရင်ထဲမှ လှိုက်လှဲစွာ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
"တွတ်တီးတွတ်တာ မပီကလာ ပီကလာ စကားပြောတတ်ပြီဆိုလျှင် မိခင်နှင့် အဘွား၏ ။ နှုတ်ကကြားရသည့် အချော့တေးကို သံယောင်လိုက်တတ်လာသည်။"
မေမေဘာလုပ်
မေမေဘာလုပ်၊ တကုပ်ကုပ်၊
ယာတောလယ်မှာ အလုပ်ရှုပ်၊
မေမေကလုပ်၊ တကုပ်ကုပ်။ ။
သားချော့တေးကို နားထောင်ရင်း ကလေးသည် ကြည်လင်ရွှင်ပျလာသည်။ အဘွားသည် အိမ်မှုဝေယျာကိစ္စကို ဆောင်ရွက်ရင်း ကလေးကို ထိန်းကျောင်းရသည်။ အဘွားလက်ကိုဆွဲကာ အဘွားသွားရာနောက်ကို တကောက်ကောက် လိုက်ရပါသည်။ ကလေးသဘာဝ မြင်သမျှတွေ့သမျှကို စိတ်ဝင်စားသည်။ စူးစမ်းသည်။ စပ်စုသည်။ မေးမြန်းသည်။ ပတ်ဝန်းကျင်ကို ထိတွေ့ရင်းနှီးလာ၍ အာရုံစိုက်လာသည်။ အဘွားလုပ်သည်ကို ပါဝင်လိုစိတ် ဆောင်ရွက်လိုစိတ် တာဝန်ယူလိုစိတ်ဖြစ်လာရသည်။
ဆရာမကြီး ဒေါ်ရှိန်းပိုင်သည် ရေးဟန်သွက်သွက် အချက်အလက်စုံစုံ သံစုံတီးဝိုင်းပမာ ကလေးချော့တေးများကို မြည်သံစွဲအလင်္ကာဖြင့် တန်ဆာဆင် ရင်ဖွင့်ပြနိုင်ပေသည်။
ထို့အတူ
ကြက်ကလေး၏ အမှာစကား
ဖျာကြီးဖျာကြီး၊ ကြိမ်ဖျာကြီး၊
ကျယ်ကာကြီးတာ မိုးလောက်နီး၊
သီးနှံစပါးကြွယ်ဝ၊
ကြိမ်ဖျာကြီးနှင့်အပြည့်အဝ။
ကြက်၊ ဝက်၊ နွားနောက်များကို မွေးမြူသကဲ့သို့ ခွေးကိုလည်း အမြတ်တနိုး မွေးလေ့ရှိပုံ စသည်ကို သွက်သွက်လက်လက် တေးသံစုံတီးဝိုင်းပမာ ရေးပြ နိုင်စွမ်းရှိသည်ကို တွေ့ရပါသည်။
ဤသို့ဖြင့် ဆရာမကြီး ဒေါ်ရှိန်းပိုင်သည် "စွမ်းရည်ကိုယ်စီ"ကဗျာဖြင့် ကြက်၊ ဝက်၊ နောက်အစုံအညီ သံစုံတီးဝိုင်းပမာ စီကာစဉ်ကာ ရေးပြထားသဖြင့် ရသစုံ အတွေးစုံရေးပုံကောင်းမွန်ကြောင်း လေ့လာပါက တွေ့လာရမည်ဖြစ်ပါ သည်။
စာရေးသူသည် "အထွေထွေသားချော့တေး" အကြောင်းကို ကလေးအရွယ် လူမမယ်လေးများ အတွေးပွားအောင် ရေးသားစွမ်းဆောင်နိုင်ပါသည်။
“ငါးကလေးတွေဖမ်းကြစို့” သားချော့တေးကဗျာတွင်
ပူးမမအွဲ (ပုံပြင်) လေးရေ
ငါးပေးပါအုန်း၊
ရေကြည်နောက်လို့ငါးမရပါကွယ်၊
ဘာကြောင့်ရေကြည်နောက်ရပါတယ်၊
ပုစွန်လုံးဖြစ်လို့၊ နောက်ရပါတယ်
ဘာကြောင့်ပုစွန်လုံးဖြစ်ရပါတယ်
ကျောက်တုံးပိလို့ခြစ်ရပါတယ်
ဘာကြောင့်ကျောက်တုံးပိရပါတယ်
သစ်ကိုင်းကျိုးလို့ပိရပါတယ်
ဘာကြောင့်သစ်ကိုင်းကျိုးရပါတယ်
မျောက်ခုန်ကူးလို့ကျိုးကျပါတယ်
ဘာကြောင့်မျောက်ကလေးခုန်ပါတယ်
ခွေးလေးဟောင်လို့ခုန်ကူးပါတယ်
ဘာကြောင့်ခွေးလေးဟောင်ရပါတယ်
သခင်ခိုင်းလို့ဟောင်ရပါတယ်
ဘာကြောင့်သခင်ခိုင်းရပါတယ်
ရေကြည်သွားပြီ ငါးကလေးတွေ ဖမ်းကြစို့။
ကလေးသဘာဝရေးပြပုံ “ပြည့်စုံ” ထူးခြားပါသည်။
ချိုးတိုင်းရင်းသားရိုးရာဓလေ့တွင် မိခင်သည် ကိုယ်ဝန်ဆောင်လွယ်ရပြီဆိုလျှင် မွေးဖွားပြီးနောက်မကြာမီ ကင်ပွန်းမင်္ဂလာကျင်းပပုံကို ပြည့်စုံစွာ ရေးသားထားကြောင်း တွေ့ရပါသည်။ ကလေးသဘာဝ ကစားရာမှ ပညာရှာရပုံဓလေ့ကို အထူးပုံဖော်ရေးပြထားကြောင်း အထူးပြုလေ့လာနိုင်ပါသည်။
နိဂုံးသုံးသပ်ချက် ။
“ ချိုးတိုင်းရင်းသားများသည် မျိုးနွယ်စုအလိုက်စုဖွဲ့၍နေထိုင်သောဓလေ့ ရှိကြောင်းတွေ့ရသည်။ မိသားစုအချင်းချင်း ဝိုင်းဝန်းစုပေါင်း တာဝန်ယူဆောင်ရွက်လေ့ရှိသည်။ သာရေးနာရေးကိစ္စများတွင် စုပေါင်းတာဝန်ယူဖြေရှင်း ပေးလေ့ရှိသည်။ စည်းလုံးညီညွတ်မှု၊ တရားမျှတတာဝန်ယူမှု၊ အမိန့်နာခံမှု၊ စည်းကမ်းဓလေ့ လိုက်နာတာဝန်ယူမှု ဓလေ့ကောင်းကို တွေ့ရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် လက်စားလိုက်ဆောင်ရွက်သည့်စနစ် ကိုသုံးသည်။ လုပ်အား၊ တန်ဖိုးကို ချစ်မြတ်နိုးစေတနာထားတတ်ရန် အလေ့ အကျင့်ဖန်တီးပေးသည်။ ကလေးငယ်များသည် မိဘများကို အလေ့အကျင့်အလိုက် လိုက်နာကျင့်သုံးလေ့ရှိသည်။ စုပေါင်းတာဝန်ယူရသလိုတစ်ဦးချင်း ကိုယ်စီ တာဝန်ယူရသည်။ တာဝန်ကိုယ်စီယူကာ အမေးအဖြေပြုလုပ်လေ့ရှိသည်။
သားချော့တေး ကဗျာစုစာအုပ်သည် ရှေးထုံးစဉ်လာ ရိုးရာဓလေ့ကို လိုက်နာကျင့်သုံးကြောင်း "တာဝန်ကိုယ်စီ" ယူရသည့်သဘောကို တွေ့ရပေသည်။ ပြည်ထောင်စုတိုင်းရင်းသား ဓလေ့ထုံးစံ၊ ကိုယ်စီတာဝန်၊ အဖွဲ့တာဝန်၊ စည်းကမ်းလိုက်နာမှု၊ တာဝန်သိတတ်မှု ၊ အကျင့်စာရိတ္တ ထိန်းသိမ်းမှုအစုစု ခွဲခြားစုပေါင်း ညီညာလိုက်နာသည့် အကျင့်ကောင်း အကျင့်မြတ်ဖြစ်ကြောင်း၊ ခြုံငုံသုံးသပ် လေ့လာတွေ့ရှိရပါသည်။ ။
ထို့ကြောင့် မြန်မာ့ဂီတသည် အစဉ်အလာ ရင့်ကျက်တည်ငြိမ်ကောင်းမွန်သော ဓလေ့ရှိသကဲ့သို့ ချိုးတိုင်းရင်းသား တေးဂီတဓလေ့စရိုက်သည် သူ့သဘာဝ၊ သူ့ဓလေ့၊ သူ့စည်းကမ်းနှင့်အညီ အစဉ်အလာထိန်းသိမ်းလိုက်နာ ကောင်းမွန်ကြောင်း ခြုံငုံသုံးသပ် တွေ့ရှိမှတ်တမ်းတင်လိုပေသည်။
ကြေးမုံ