အောင်ကြည်မိုး (စစ်တွေ)

ဒီဇင်ဘာလ ၁၅ ရက်နေ့သည် ရခိုင်ပြည်နယ်နေ့ဖြစ်၏။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် နေ့တွင် ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် (၄၅) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ဖြစ်သည်။ ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ (၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ရိုးရာကျင်ပွဲ၌ ရွှေမောင်းတန်း၊ ငွေမောင်းတန်း (အကြီးတန်း၊ အငယ်တန်း) နှစ်ခုခွဲ၍ ကျင်းပကြသည်။ ငွေမောင်းတန်း (အငယ်တန်း)၌ ဆုရရှိဖူးသူဖြစ်မှ ရွှေမောင်းတန်းသို့ တက်ရောက်ကစားခွင့် ရရှိသည်။ ယနေ့ခေတ်ကာလတွင် ရိုးရာကျင်ပွဲများ ပိုမိုတွင်ကျယ်လာအောင် အသက်အရွယ်အလိုက် ကျင်အတန်းစားများခွဲခြား၍ ကျင်းပလာနေကြသည်။

ထည့်သွင်းကျင်းပ

ရခိုင်ရိုးရာကျင်ပွဲကို ရခိုင်ပြည်နယ်နေ့နှင့် ဗုဒ္ဓပူဇနိယပွဲတော်များ၌ စည်စည်ကားကား ထည့်သွင်းကျင်းပကြသည်။ ကျင်ပြိုင်ပွဲကို ရခိုင်လူမျိုးများ၌ ကျင်ကိုင်သည်ဟု ပြောဆိုသုံးစွဲကြပြီး ကျင်ကစားသူကို ကျင်သန်ဟုခေါ်ကြသည်။ ကျင်ကိုင်ရာတွင် ကစားသမားနှစ်ဦး (ကျင်သန်နှစ်ဦး) ပါရှိရသည်။ ကျင်တွဲတစ်တွဲဟု သတ်မှတ်၏။ ကျင်တွဲတစ်တွဲ ကျင်ကိုင်ကြသည်ကို တာဝန်ယူထားသော ကျင်ပိုင်နှစ်ဦးက ဘေးကနေပြီး ထက်ကြပ်မကွာ လိုက်ကြည့်ကြရသည်။ ကျင်ကစားသမားများသည် ကျင်မကိုင်မီ ပွဲကြည့်ပရိသတ်ကို ရှိခိုးပြီးမှကျင်ကွင်းထဲသို့ ဝင်ရသည်။ ကျင်ကစားကွင်းကို မြေပြင်၌ ပြုလုပ်ထားပြီး ကြိုးများဖြင့် အဝန်းအဝိုင်း ပြုလုပ်ထားသည်။ ကျင်သန်များ ကျင်မကိုင်မီ ပရိသတ်များကို လှည့်လည်၍ ကျင်ကွင်း (ကျင်ဟန်ရေး) ပြုကြရသည်။ ကျင်သန်များသည် ဘောင်းဘီတိုဖြင့် ကျင်ကစားခွင့် မရှိပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာ ပုဆိုးကို ခါးတောင်းကျိုက်၍ ကြိုးဖြင့်စည်းထားရသည်။ကျင်ကစားရာတွင် အဖမ်းနှင့်အခံရှိပြီး ဖမ်းလှည့်၊ ခံလှည့်ကို တစ်ယောက်တစ်လှည့်စီ စည်းကမ်းအတိုင်း ကျင်ဒိုင်နှစ်ဦးက ခေါင်းပန်းလှန်၍ ဆုံးဖြတ်ပေးသည်။

ကျင်ကစားသမားတစ်ဦးက အဖမ်းဆိုလျှင် အခြားကစားသမားတစ်ဦး၏ လက်နှင့် ခန္ဓာကိုယ်ကို မိမိရရ ဖမ်းဆုပ်နိုင်ရန် အခံကျင် ကစားသမားက လက်နှစ်ဖက်ကို မြှောက်ထားပြီး ခန္ဓာကိုယ်တောင့်တောင့်ထားကာ သတိဖြင့် အဖမ်းသမား၏ကျင်ကွက်ကို ကြည့်နေရပြီး ရုန်းထွက်ခွင့်ရှိသည်။ အဖမ်းကစားသမားက အခံသမားအား လိမ်ကျစ်၍ မြေပြင်ကိုလဲချချိန် အခံသမား မြေပြင်ကျသွားလျှင် အဖမ်းသမားနိုင်သည်။

ပရိသတ်များထံ ဆုခံယူ

အဖမ်းသမားက ဦးစွာမြေပြင်သို့ ခြေတင်လှဲမချဘဲ အခံသမားကဦးစွာ အဖမ်းသမားအား ခြေတင်ခြေလိမ်လုပ်ခွင့်မရှိ။ အခံသမားလဲမကျလျှင် အဖမ်းသမားအား ပြန်၍ခြေလိမ်ပိုင်ခွင့်ရှိသည်။ အဖမ်းသမား မြေပြင်ကျသွားလျှင် အခံသမားအား အနိုင်အဖြစ် ဒိုင်နှစ်ဦးက သတ်မှတ်လိုက်သည်။ ကျင်တွဲတစ်တွဲ ကစားပြီးတိုင်း မဏ္ဍပ်ထဲရှိ ဒိုင်ချုပ်များထံ ချက်ချင်းသတင်းပို့ရသည်။ ကျင်ပွဲပြီးလျှင် ကျင်ကစား သမားနှစ်ဦး မဏ္ဍပ်အတွင်းရှိ ပရိသတ်များထံဆုခံယူကြရသည်။ ကျင်ကစားကြခြင်းသည် ရခိုင်ရိုးရာ အားကစားနည်းတစ်ခုဖြစ်ပြီး ရှေးခေတ်အဆက်ဆက် ရခိုင်မင်းများ လက်ထက်ကတည်းက ဆင်းသက်လာသည့် အားကစားနည်း အတတ်ပညာတစ်ရပ်ဖြစ်သည်။ ရှေးရခိုင်မင်းများလက်ထက် ရိုးရာကျင်ကိုင်ပွဲကို နန်းတွင်းသဘင်များ၌ ကျင်းပခဲ့ကြသည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော် လိုဏ်ဂူအတွင်း၌ ကျင်အားကစားနည်းကို ရုပ်လုံးရုပ်ကြွင်းများဖြင့် ထွင်းထုထားခဲ့သည်ကို ယနေ့တိုင်တွေ့မြင်နေရ၍ ကျင်အားကစားနည်း အတတ်ပညာသည် ရှေးခေတ်အဆက်ဆက် ရိုးရာအားကစား နည်းအဖြစ် ရှိနေခဲ့သည်။

အားအင်နှင့် ပရိယာယ်ကို အသုံးပြု

ရခိုင်ရိုးရာ ကျင်ကစားနည်းသည် အားခွန် ဗလသန်မာမှုနှင့် အတတ်ပညာကို အဓိကထား ကစားရသော ကစားနည်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ပြင်းပြင်းထန်ထန် တိုက်ခိုက်သတ်ပုတ်ထိုးကြိတ်၊ ကန်ကျောက်ပြီး ပြိုင်ဘက် အားအနာတရဖြစ်စေသည့် ကစားနည်းမဟုတ်ဘဲ အားအင်နှင့် ပရိယာယ်ကို အသုံးပြုပြီး အဖမ်းသမားမှ အခံသမားကို မြေပြင်သို့ လှဲချနိုင်စေရေး ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲ၌ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အမျိုးသားရိုးရာအားကစား၏ အနှစ်သာရကို ဖော်ထုတ်ကြခြင်း ဖြစ်သည်။ ။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့ ကျရောက်တိုင်း ရခိုင်လူမျိုးတို့၏ အမျိုးသား ရေးလက္ခဏာ၊ အမျိုးဂုဏ်ယဉ်ကျေးမှု ပေါ်လွင်စေသည့် ရခိုင်ရိုးရာ ကျင်အားကစားနည်းကို  လက်ဆင့်ကမ်း ထိန်းသိမ်းခြင်းအားဖြင့် ကျင်းပနေကြကြောင်း တင်ပြလိုက်ရပါသည်။

ကြေးမုံ

 

mdn