မူဆယ် ၂၀ ဒီဇင်ဘာ
တရုတ်နိုင်ငံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် မူဆယ်မြို့နယ်ရှိ စာရေးဆရာများ၊ သတင်းစာ ဆရာများ၊ ဓာတ်ပုံဆရာ၊ ပန်းချီဆရာနှင့်ကာတွန်းဆရာများ ပါဝင်သည့် အဖွဲ့ဝင် ၁၁ ဦးသည် ဒီဇင်ဘာ ၁၈ ရက်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
အဆိုပါအဖွဲ့အား တရုတ်နိုင်ငံဘက်မှ ဝမ်တိန် ပြည်ပရေးရာတာဝန်ခံနှင့် အဖွဲ့က ကျယ်ဂေါင်မြို့တွင် လာရောက်ကြိုဆို၍ ကျယ်ဂေါင်မြို့မှတစ်ဆင့် ရွှေလီမြို့ စက်မှုဇုန်သို့ သွားရောက်ကာ ရွှေလီစက်မှုဇုန် နယ်မြေအတွင်းရှိ ဦးထုပ်ချုပ်စက်ရုံနှင့် ဆိုင်ကယ်စက်ရုံများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံဒေသအသီးသီးမှ အလုပ်သမားများ နှင့်လည်း တွေ့ဆုံမေးမြန်းသည်။
သန့်ဇင်(မူဆယ်)


