ဗေဒါမောင် (ပညာရေး)
အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့၌ တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၂၉၀၀ ကျော် မြင့်မားသော တောင်ပေါ်ဒေသက အင်းအိုင်ကြီးတစ်ခုလည်းဖြစ်သည်။ အင်းလေးကန်သည် အင်းသူအင်းသားတို့၏ နေထိုင်ရာအိမ်ဖြစ်သလို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပါ ထူးခြားဆန်းပြားသော နေရာဒေသတစ်ခုလည်းဖြစ်၏။ ရေထဲမှာ အိုးအိမ်ဆောက်လုပ်ပြီး ရေထဲမှာပဲ လုပ်ကိုင်စားသောက်နေမှုက အံ့သြစရာကောင်းလှသည်။ နှစ်စဉ်ကျင်းပလေ့ရှိသော ဖောင်တောင်ဦး မြတ်စွာဘုရားများ ဒေသစာရီကြွချီတော်မူသည့် ဖော်တော်ဦးဘုရားပွဲသည် အင်မတန်မှစည်ကားလှပြီး စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေလေသည်။ အများနှင့်မတူ တစ်မူကွဲပြားသော အပြုအမူများဖြင့် ပုံဖော်ထားခြင်းသည် အင်းလေးဒေသ၏ စွဲဆောင်မှုတစ်ခုပင်။ ထို့ကြောင့်လည်း အင်းလေးဒေသသို့ အလည်အပတ်ခရီးထွက်ကြသူများကဖြင့် စဉ်ဆက်မပြတ် ရှိနေကြခြင်းဖြစ် သည်။
လူသားတွေဟာ နေထိုင်စရာအဆောက်အဦကို တည်ဆောက်ကြသည့်အခါ မြေပြင်ကိုပဲ ရွေးချယ်ကြရသည်။ အင်းသူအင်းသားများကတော့ ရေပေါ်မှာ အိမ်ဆောက်နေသည်ဟု ထင်မြင်မိကြသည်ပင်။ အမှန်မှာ ရေပြင်၏ အောက်အလွှာရှိမြေ၌ တိုင်ရှည်ရှည်ထူကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ရှမ်းပြည်နယ်အတွင်းရှိ အင်းလေးဒေသတွင် နေထိုင်ကြသည့် အင်းသူအင်းသားများမှာ ရှမ်းလူမျိုးများဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး နွယ်စုများသည် မိမိဓလေ့ ရိုးရာများဖြင့် ပျော်ရွှင်မှုများကို ဖန်တီးကာ၊ ပွဲတော်များကျင်းပကြလေ့ရှိသည်။ အင်းလေးဒေသတွင် လူသိအများဆုံး ပွဲတော်တစ်ခုဖြစ်သည့် လှေပြိုင်ပွဲက စည်းလုံးခြင်း၊ ညီညွတ်ခြင်း၏ ပြယုဂ်တစ်ခုပင်။ လှေပြိုင်ဖို့ရာအတွက် လှေပေါ်ရှိပြိုင်ပွဲဝင်သူတိုင်းက တက်ညီလက်ညီ လှော်ခတ်ကြရသည်။ ဤတွင်အပြေးပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ကြသော အပြေးသမားများနှင့်မတူ။ များသောအားဖြင့် ပြိုင်ပွဲဟု ဆိုလျှင် ပန်းဝင်ဖို့ မိမိကိုယ်တိုင် မိမိတစ်ဦးတည်း အစွမ်းကုန်ကြိုးစားအားထုတ် ရလေသည်။ အင်းလေးဒေသ၏ လှေပြိုင်ပွဲက တစ်ဦးတစ်ယောက်တည်း ကြိုးစားနေရုံဖြင့်မရနိုင်။
မိမိလှေပေါ်တွင်ရှိသည့် အဖွဲ့သားအားလုံး တက်ညီလက်ညီရှိခြင်းဖြင့် ညီတူညာတူကြိုးစားမှသာ အောင်မြင်မှုကို ရရှိသည်ဖြစ်၏။ အောင်မြင်မှုတစ်ခုရဖို့အတွက် မိမိတစ်ဦးတည်း ကြိုးစားရသည်မှာပင် ထင်သလောက် မလွယ်ကူ။ ဒုက္ခတွေကို ဇွဲနပဲရှိရှိဖြင့် ရင်ဆိုင်ရသလို စိတ်ဓာတ်ခိုင်မာဖို့လည်း အမှန်ပင်လိုအပ်သည်။ လူစုလူဝေးအများနှင့် ပူးပေါင်းကြိုးစားမှုတွင် ဇွဲနပဲဆိုသည့် စိတ်ဓာတ်တွေအပြင် တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေပါ ရှိကြရပေမည်။ လူတစ်ဦး စိတ်တစ်မျိုးဆိုသည့်အတိုင်း လူသားအများစု၏ စိတ်ထားများကို တစ်နေရာတည်းသို့ စိတ်အာရုံတစ်ခုတည်းအဖြစ် ဖန်တီးကြရခြင်းဖို့ အင်မတန်မှခက်ခဲလှပေသည်။ ရည်ရွယ်ချက်တစ်ခုတည်းသို့ အဖွဲ့သားအားလုံး၏စိတ်အာရုံက ဦးတည်နိုင်အောင် ကြိုးစားကြရသည်။ ဤသည်မှာ အင်းသူအင်းသားများ၏ အားကျအတုယူဖွယ် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
တကယ်တော့ လူသားတစ်ဦးအဖို့ မိမိ၏စိတ်ကိုပင် အစိုးရဖို့ ခက်ခဲလှသည်။ ယခုတွင်ကား မိမိအပါအဝင် အဖွဲ့သားအားလုံး၏ စိတ်ကိုပါ ထိန်းချုပ်ပေးရခြင်းဖြစ်သည်။ အင်းလေးဒေသမှာ ကျင်းပမြဲဖြစ်သည့်လှေပြိုင်ပွဲများကို သာမန်မျက်စိဖြင့်ကြည့်လျှင် သာမန်ပဲမြင်ရပေမည်။ ဆိုင်းသံဗုံသံတွေ ဆူဆူညံနှင့်လှော်တက်အား လက်ဖြင့် လှော်ခတ်ကြသူတွေ၊ ခြေထောက်ဖြင့်လှော်ခတ်ပြီး ပြိုင်ပွဲဝင်ကြသူတွေကို ကြည့်ခြင်းအားဖြင့် အင်မတန်မှခက်ခဲလှသော စိတ်အာရုံအချင်းချင်း ပေါင်းစပ်နေကြမှုဟု မြင်မိစေချင်ပါသည်။ လှေကို ခြေထောက်ဖြင့် လှော်ခတ်ခြင်းကလည်း အင်းလေးဒေသ၏ ကျော်ကြားမှုတစ်ခုပင်။ ဘဝတွင် တချို့အရာများက မိမိတစ်ဦးတစ်ယောက်တည်း စွမ်းဆောင်ရုံမျှဖြင့် မအောင်မြင်နိုင်ပါ။ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုဆီသို့ ညီတူညာတူ သွားကြရပေသည်။
ပန်းသီးစားချင်သူအတွက် ထိုက်တန်သောငွေကြေးဖြင့် ပန်းသီးဆိုင်သို့ သွားဝယ်လိုက်လျှင် ပန်းသီးစားရမည်။ လူတစ်ဦးက ပန်းချီစာအုပ်ထဲမှာ အိမ်ပုံတစ်ပုံဆွဲတတ်ဖို့က ဝန်မလေးပါ။ သို့သော်လက်တွေ့ကျကျ အိမ်ကိုတည်ဆောက်ရာမှာတော့ ခဲတံတစ်ချောင်းကိုင်ပြီး မိမိဘာသာတစ်ဦး တည်းဆွဲနေ၍ မရတော့။ အများနှင့်စုပေါင်းကာ အိမ်တစ်လုံးဖြစ်အောင် တည်ဆောက်ကြရသည်။ ပန္နက်စိုက်ရာမှအစ တစ်ဦးကကြိုးကိုင် တစ်ဦးကတိုင်းတာမှုပြုလုပ်နှင့် စုပေါင်း လုပ်ဆောင်ကြရသည်။ မိမိတာဝန်ကျရာ အခန်းကဏ္ဍကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်ပါက လူများလျှင် များသလောက် အကျိုးရှိလေသည်။ လူတစ်ဦး၏စိတ်ကူးဖြင့် အိမ်ဆောက်ခြင်းထက် လူအများ၏ စိတ်ကူးတွေကို ပေါင်းစပ်ပြီး အဆောက်အဦတစ်ခုကို ဖွဲ့စည်းလိုက်ခြင်းက ပိုမိုလှပကောင်းမွန်လာမည်မှာ အမှန်ပင်။ မိမိမှာ အကြံကောင်း ဉာဏ်ကောင်းရှိနေသလို တခြားသူများမှာလည်း အနည်းနှင့်အများ ရှိနေကြမည်ပင်။ ထို့ကြောင့် အကြောင်းအရာကိစ္စ တစ်ခုကို မိမိတစ်ဦးတည်း စွမ်းဆောင်ခြင်းထက် အများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုအရာရောက်လေသည်။
အင်းသူအင်းသားများက မိမိတို့၏ဓလေ့ရိုးရာများကို တာဝန်သိသိဖြင့် ညီညီညာညာ စုပေါင်းလုပ်ဆောင်နေမှုမှာ အင်းလေးဒေသ၏ ဂုဏ်ကျက်သရေကို တိုးတက်စေသည်။ မီးထွန်းပွဲတော်များတွင်လည်း အင်းတိုက်တေးကဗျာဖြင့် အင်းသူနှင့် အင်းသားတို့၏ ရင်းနှီးခင်မင်မှုကို ဖော်ကျူးပေးကြသည်။ အင်းတိုက်တေးကဗျာဟုဆိုရာ၌ ကဗျာကို မောင်တစ်လှည့် မယ်တစ်လှည့်ဖြင့် ရွတ်ဆိုရခြင်းဖြစ်သည်။ တစ်ဖက်က ပြောဆိုလာသည့် အကြောင်းအရာအပေါ် ကျန်တစ်ဖက်မှ လိုက်လျောညီထွေ တုံ့ပြန်ပေးတတ်ခြင်းက စကားပြောဆိုရာ၌ တစ်ဦး၏ဆန္ဒကို တစ်ဦးက အသိအမှတ် ပြုပေးခြင်း ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံပြောဆိုကြရာ၌ တစ်ဖက်က ပြောဆိုလာသည့်စကားကို မိမိက မဆီမဆိုင် ပြန်လည်ပြောဆိုလိုက်မိပါက အဆင်မပြေပါ။ လူမှုဆက်ဆံရေးနယ်ပယ်တွင်လည်း ပေါင်းသင်းဆက်ဆံမှု ညံ့ဖျင်းသူဟု သတ်မှတ်ခြင်းခံရပေမည်။ ဥပမာ “ဘာဟင်းနဲ့ ထမင်းစားခဲ့သလဲ” ဟု မေးမြန်းလာမှုတွင် မိမိဖြေလိုသည့်အတိုင်း ဖြေဆိုခွင့်မရှိ။ အမေးနှင့်အဖြေ အစပ်အဟပ်တည့် နေရမည်။ ဘာဟင်းနှင့် စားခဲ့သည်ကို သိလို၍ မေးသည်မို့ မိမိစားခဲ့သည့် ဟင်းကိုသာ ပြောပြပေးရမည်။ ပေါင်းသင်း ဆက်ဆံကြသော လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် လိုက်လျောညီထွေရှိစေရန်အတွက် မိမိ၏ဆန္ဒတစ်ခုတည်းကိုသာ ရှေ့တန်းမတင်ပါဘဲ သူတစ်ပါး၏ဆန္ဒကိုလည်း မြင်အောင်ကြည့်၍ နားလည် ပေးတတ်ရပေမည်။
အင်းသူအင်းသားများသည် မိမိတို့နေထိုင်ရာ အင်းလေးကန်ထဲ၌ တံငါလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးမှုသည် မိမိကျရောက်ရာနေရာ၌ လိုက်လျောညီထွေ ပြုမူနေထိုင်ခြင်းဖြစ်သည်။ အင်းသူအင်းသားများက မိမိရောက်ရှိသောအရပ်ဒေသ၌ မိမိနှင့် သင့်လျော်သောအလုပ်ကို ပြုလုပ်နေကြခြင်းက တချို့လူသားများအနေဖြင့် တွေးတောင် မတွေးမိတတ်ကြပါ။ ရေပေါ်မှာ မည်သို့နေမည်နည်း။ ရေပေါ်မှာနေရင်း မည်သို့သောလုပ်ငန်းတွေကို လုပ်ကိုင်ကြမည်နည်း။ စဉ်းစားစရာပင်။ သို့သော် အင်းသူ အင်းသားများကတော့ဖြင့် အခြေအနေနှင့် အကြောင်းတရားကို မှန်ကန်စွာ ပေါင်းစပ်ပေးတတ်ကြလေသည်။
ရှုမောဖွယ် မြင်ကွင်းများဖြင့် အင်းလေးဒေသ၏အလှက မြန်မာနိုင်ငံ၏ ဂုဏ်ကျက်သရေကိုလည်း ထွန်းလင်းစေသည်။ အင်းသူအင်းသားများ၏ ခင်မင်ရင်းနှီးမှု၊ ဖော်ရွေပျူငှာမှုများဖြင့် အင်းလေးကန်ကြီးက လာရောက်ကြမည့်သူများကို ကြိုနေသည်ပင်။ ထိုမှတစ်ဆင့် မှတ်သားစရာမြင်ကွင်းများ၊ အားကျအတုယူစရာပုံရိပ်များကိုလည်း လက်ဆောင်ပေးတတ်ကြသည်။ “ယူတတ်လျှင်ရသည်” ဆိုသလို ဉာဏ်မျက်စိဖြင့်ကြည့်တတ်လျှင် အင်းလေးဒေသက ကျွန်တော်တို့အတွက် အတုယူစရာတွေ အများကြီးဖြစ်ပါသည်။ ။
အင်းလေးဒေသ၏ စေတနာသဒ္ဓါတရား ကောင်းမွန်မှု၊ တက်ညီလက်ညီ စုပေါင်းကြိုးစားမှု၊ ဘာသာတရားအပေါ် ရိုသေကိုင်းရှိုင်းမှု၊ စည်းလုံးညီညွတ်မှုများက မြတ်နိုးစရာကောင်းသည့် ပန်းချီကားကြီး တစ်ချပ်နှယ်။ အင်းလေးဒေသ၏ စည်းလုံးမှုများကဲ့သို့ နိုင်ငံသူ နိုင်ငံသားအားလုံး ထပ်တူထပ်မျှဖြစ်နေမည်ဆိုပါက မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်ထင်ပေါ်ကျော်ကြားလာမည့် နိုင်ငံတစ်ခု ဖြစ်လာပေမည်။ တစ်ဆက်တည်းမှာပဲ ကမ္ဘာသူ ကမ္ဘာသားများ၏ အထင်ကြီးလေးစားမှု များကိုလည်း ရရှိလာမည်မှာအမှန်ပင်။ ထို့ကြောင့် အများနှင့်မတူ တစ်မူကွဲပြားကာ ရေလယ်မှာနေထိုင်ကြ သည့်အင်းသူအင်းသားများ၏ နှစ်သက်ဖွယ်ကောင်းသော အပြုအမူများကို တတ်အားသရွေ့ တင်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။
ကြေးမုံ