နေပြည်တော်  ၂၀  ဒီဇင်ဘာ

           

ငွေရေးကြေးရေးကဏ္ဍ၏ AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ခြင်းနှင့်စပ်လျဉ်းသည့် Stakeholder များ အားလုံးပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတို့မှ ပူးပေါင်း၍ ဒီဇင်ဘာ ပထမပတ်က မြန်မာနိုင်ငံဘဏ်များအသင်း၊ ရန်ကုန်မြို့၌ ကျင်းပသည်။

 

အစည်းအဝေးသို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ဘဏ်ခွဲများ၊ ငွေရေးကြေးရေး ကုမ္ပဏီများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အာမခံကုမ္ပဏီများနှင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှ Compliance Officer များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌက Asia/Pacific Group on Money Laundering (APG) အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ခြင်းရလဒ်များအရ မြန်မာနိုင်ငံအနေဖြင့် ထပ်မံပြုပြင် ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှ ပြုပြင်ဆောင်ရွက်ရမည့် အချက်များ၊ ငွေရေးကြေးရေးကဏ္ဍရှိ Stakeholder များ အားလုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ပြောကြားသည်။

 

ဆက်လက်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်က အမျိုးသားအဆင့် အန္တရာယ်အကဲဖြတ်ခြင်း (National Risk Assessment-NRA) နှင့် APG အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ခြင်း အစီရင်ခံစာများပါ အဓိကတွေ့ရှိချက်များ၊ ဆောင်ရွက်ရန် အကြံပြုချက်များ၊ အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy) ချမှတ်ခြင်း များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်က AML/CFT ဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်းအနေဖြင့် ဆုံးရှုံးနိုင်ခြေ အခြေခံသော ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ နည်းလမ်း (Risk Based Approach) အသုံးပြု၍ စောင့်ကြည့် ကြီးကြပ်စစ်ဆေးခြင်း (Off-siteMonitoring) နှင့် ကွင်းဆင်း ကြီးကြပ်စစ်ဆေးခြင်း (On-siteExamination) အစီအစဉ်များကို ပြောကြားသည်။

 

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ AML/CFT ဆိုင်ရာ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်ပါ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)