မြစ်ကြီးနား ၂၂ ဒီဇင်ဘာ
ထွယ်ဂျန်တာ ဖောင်ဒေးရှင်းနှင့် UN WOMEN မှ ပူးပေါင်း၍ အမျိုးသမီးများအတွက် ရေရှည်တည်တံ့သော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ City Park Royal ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ထွယ်ဂျန်တာဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဒေါ်လုဆိုင်းမှ ထွယ်ဂျန်တာ ဖောင်ဒေးရှင်းမှ ကချင်ပြည်နယ်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ၊ မျှော်မှန်းချက်များ၊ ရှေ့မျှော်မှန်းချက်များနှင့် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းစီမံကိန်း တာဝန်ခံ ဒေါ်လုအောန်မှ အသက်မွေးဝမ်းကျောင်း လုပ်ငန်းစီမံကိန်းဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှ အဖွဲ့ဝင် ဦးဆွတ်ထွယ်နှင့် ဒေါ်ဆန်မွန်းရာတို့မှ လက်ရှိ စီးပွားရေးဆိုင်ရာ အခက်အခဲများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် အမျိုးသမီးများအတွက် ရေရှည်တည်တံ့သော စီးပွားရေးဆိုင်ရာ ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသခဲ့ပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချိုမှ အမျိုးသမီးနှင့် စီးပွားရေးအကြောင်းနှင့် စီးပွားရေးလုပ်ငန်း(တစ်ပိုင်တစ်နိုင်)၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ဈေးကွက်ရှာဖွေရေး၊ လူမှုစီးပွားရေး အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးပွဲသို့ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့မှ နေရပ်စွန့်ခွာ အမျိုးသမီးများ အင်အား(၂၈၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)