ပေါက် ၂၂ ဒီဇင်ဘာ
ပေါက်မြို့နယ်၌ ဆောင်းရာသီသီးနှံဖြစ်သော ကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမီစိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီလယ်ထွန်စက်ကြီးများနှင့် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပေါက်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း (၇၁)အုပ်စုနှင့် ကျေးရွာပေါင်း (၂၃၅)ရှိပြီး ယောချောင်း၊ ကျောချောင်း ဘေးတစ်လျှောက်ရှိ စိုက်ပျိုးရေးတောင်သူများသည် ဆောင်းသီးနှံကြက်သွန်ကို ယောချောင်းဘေးတစ်လျှောက်နှင့် အာလူးကို ကျောချောင်းဘေးတစ်လျှောက်တွင် အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဆောင်းရာသီ အာလူးစိုက်တောင်သူများသည် နတ်တော်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးလျက်ရှိပြီး တပေါင်းလထဲတွင် ဖြိုင်ဖြိုင်ပေါ်ကာ ရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်စိုက် တောင်သူများသည် ပြာသိုလဆန်းပိုင်းတွင် စတင်စိုက်ပျိုး၍ တန်ခူးလထဲတွင် ဖြိုင်ဖြိုင်ဖေါ်ကာ ရောင်းချလျက်ရှိရာ ယခုအချိန်တွင် ရာသီမီ စိုက်ပျိုးရောင်းချနိုင်ရေးအတွက် မြေပြင်ခြင်းလုပ်ငန်းများကို ကျွဲရှဉ်း၊ နွားရှဉ်းကိုသာမက ခေတ်မီလယ်ထွန်စက်ကြီးဖြင့် စက်အကြီးအသေးပေါ်မူတည်၍ တစ်နာရီ ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ဖြင့် အင်တိုက်အားတိုက် နေ့ရောညပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွဲ၊ နွား တစ်ရှဉ်းလျှင် တစ်မနက် ကျပ် ၈၀၀၀ ပေးရပြီး မြေ ၁၀ တောင်ပတ်လည် ငါးကျင်းခန့်ပြီးစီးကြောင်း၊ ထွန်စက်အသုံးပြလျှင် တစ်နာရီ ကျပ် ၂၀၀၀၀ ပေးရပြီး တစ်နာရီ ၁၀ တောင်ပတ်လည် (၂၅)ကျင်းခန့် ပြီးစီးသဖြင့် ငွေအကုန်အကျ သက်သာကာ အချိန်စောစွာ စိုက်ပျိုးနိုင်ကြောင်း ဒေသခံ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
ရာသီမရွေး စီးဆင်းလျက်ရှိသော အဓိကချောင်းမကြီးများဖြစ်သည့် ယောချောင်းနှင့် ကျောချောင်းတည်ရှိရာ မြို့နယ်လေးတစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်သည် ဆောင်းရာသီတွင် ကြက်သွန်၊ အာလူးစိုက် တောင်သူများသည် ထိုချောင်းမကြီးများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုအခါ ရာသီမီစိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီလယ်ထွန်စက်ကြီးများဖြင့် အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်) (ပြန်/ဆက်)