ပဲခူး ၂၂ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီးအတွင်း လုထုအားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူလူထုများဖြစ်လာစေရန် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ လုထုအားကစားလှုပ်ရှားမှု Exercise is Medicine ဆောင်ရွက်မှုအစီအစဉ်အရ ၂၀၁၉ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance (EIM) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

8858

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာဓိဋ္ဌာန် ရွတ်ဆိုကြပြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲအသင်းများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

8910

 

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း Exercise is Medicine အား အတက်ကြွဆုံး လှုပ်ရှားဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပဲခူးတိုင်းဒေသကြီးသည် ဒုတိယရရှိပြီး မကွေးတိုင်းဒေသကြီးက ပထမနှင့် ဧရာဝတီတိုင်းဒေသကြီးက တတိယ ရရှိခဲ့သည်။ မြို့နယ်အဆင့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သာယာဝတီ၊ လက်ပံတန်းနှင့် ဖြူးမြို့နယ်များက နှစ်သိမ့်ဆုများ ရရှိကြကြောင်း သိရသည်။

Myanmar Fitness Dance ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို အသက်အရွယ်ကြီးငယ်မရွေး၊ ကျား/မမရွေး၊ မည်သူမဆို လွတ်လပ်ပေါ့ပါးစွာ လေ့ကျင့်နိုင်သော လေ့ကျင့်ခန်းများဖြစ်ပြီး နေ့စဉ်ပုံမှန်နာရီဝက်ခန့် လှုပ်ရှားစေခြင်းဖြင့် နေထိုင်သွားလာရာတွင် ပေါ့ပါးခြင်း၊ အစားအသောက် ပိုမိုကောင်းမွန်လာစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်လာခြင်း၊ စိတ်ဖိစီးမှုများ လျော့ပါးလာခြင်းများ ခံစားလာရမည်ဖြစ်သည့်အပြင် ဆေးသောက်၍ ကုသခြင်းထက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းဖြင့် ရောဂါများကို ကာကွယ်ပြီးဖြစ်ရာ ပိုမိုကောင်းမွန်သော အကျိုးတရားများ ရရှိလာမည်ဖြစ်သည့်အတွက် ဆောင်ရွက်ပေးသင့်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား ၂၀၁၉ ခုနှစ် လူထုအားကစားလှုပ်ရှားမှု Exercise is Medicine ဆောင်ရွက်မှု အစီအစဉ်အရ တိုင်းဒေသကြီးအတွင်း လုထုအားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူလူထုများဖြစ်လာစေရန်၊ မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများနှင့် ကျောင်းသား/ကျောင်းသူများ အချင်းချင်းသွေးစည်းညီညွတ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၏ စိတ်ဓာတ်ကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ အသက်(၃၆)နှစ်မှ (၆၀)နှစ်အထိ အကြီးတန်းပြိုင်ပွဲနှင့် အသက်(၁၄)နှစ်မှ (၃၅)နှစ်အထိ အငယ်တန်းပြိုင်ပွဲဟူ၍ ပြိုင်ပွဲ(၂)ရပ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အသက်(၃၆)နှစ်မှ (၆၀)နှစ်အထိ အကြီးတန်းပြိုင်ပွဲတွင် ဖြူး၊ နတ်တလင်း၊ တောင်ငူ၊ ညောင်လေးပင်၊ သနပ်ပင်၊ ပဲခူး၊ အုတ်ဖို၊ ဇီးကုန်း၊ အုတ်တွင်း၊ ပေါင်းတည်၊ မင်းလှ၊ ပန်းတောင်း၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ ရွှေကျင်၊ ကျောက်တံခါး စသည့်မြို့နယ် (၁၆)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း (၁၆)သင်းပါဝင်ပြီး အသက်(၁၄)နှစ်မှ (၃၅)နှစ်အထိ အငယ်တန်းပြိုင်ပွဲတွင် ကျောက်တံခါး၊ ကျောက်ကြီး၊ မင်းလှ၊ သဲကုန်း၊ ရွှေကျင်၊ ဇီးကုန်း၊ ရေတာရှည်၊ ဝေါ၊ ပေါက်ခေါင်း၊ ညောင်လေးပင်၊ တောင်ငူ၊ ပဲခူး၊ ထန်းတပင်၊ အုတ်ဖို၊ လက်ပံတန်း၊ အုတ်တွင်း၊ ကဝ၊ မိုးညို၊ ကြို့ပင်ကောက်၊ သာယာဝတီ၊ ဒိုက်ဦး စသည့်မြို့နယ် (၂၁)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း (၂၁)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)