တောင်တွင်းကြီး ၂၂ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အပတ်စဥ် တနင်္ဂနွေနေ့တိုင်း တောင်တွင်းကြီး မြို့မစျေးအတွင်းအပြင်တွင် ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် ကြွပ်ကြွပ်အိတ် အသုံးပြုသည့် ပြည်သူများကို လမ်းကမ်းစာစောင်များ ဝေငှပေးခြင်းအပြင် ဗီနိုင်းကြော်ငြာများကို စျေးအဝင်ဝ တံခါးပေါက်များတွင် ကပ်ပြီး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး စည်ပင်သာရေးအဖွဲ့က ပေးပို့သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗီနိုင်းများကိုလည်း တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက စျေးဝင်းစျေးပြင် လိုက်လံအသိပညာပေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုနဲ့ ပတ်သက်၍ မြို့နယ်စည်ပင်မှ ဦးဇော်နိုင်လင်းက “အပတ်စဉ်ကတော့ မြို့နယ်စည်ပင်သာယာရေးမှ တနင်္ဂနွေနေ့တိုင်း မပျက်မကွက် အသိပညာပေးခြင်းလှုပ်ရှားမှုကို လုပ်နေပါတယ်။ ကြွပ်ကြွပ်အိတ် လျော့ချသုံးပြီး သတင်းစာရွက် အဟောင်းအပိုင်းအစလေးတွေ၊ ဖက်ရွက်တွေသုံးအောင် အသိပညာပေးနေပါတယ်။ လိုက်နာမှုတွေနည်းပါသေးတယ်။ ပိုပြီးအားကောင်းအောင် ပြည်သူတွေကို ပါဝင်စေချင်တယ်။ ကျွန်တော်တို့စည်ပင်က အရှိန်အဟုန်မြှင့်ပြီး လုပ်နေပါတယ်။ ကြွပ်ကြွပ်အိတ်နဲ့ ပလတ်စတစ်ရဲ့ ဆိုးကျိုးအန္တရာယ်ကိုသိပြီး လျှော့ချသုံးစွဲမယ်ဆို သဘာဝပတ်ဝန်းကျင်ကို လှပသာယာစေမှာပါ”ဟု ပြောသည်။
ထိုသို့ လှုပ်ရှားဆောင်ရွက်မှုကို အပတ်စဥ် တနင်္ဂနွေနေ့တိုင်း မြို့နယ်စည်ပင်က တောင်တွင်းကြီးမြို့မစျေး အတွင်း၊ အပြင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး) (ပြန်/ဆက်)