၂၂ ဒီဇင်ဘာ

China Harbour Engineering Co., Ltd သည် LNG To POWER FAST TRACK PROJECT အတွက် ရန်ကုန်မြစ်အရှေ့ဘက်ကမ်း သီလဝါနယ်မြေတွင် ရေယာဉ်ကြီးများဆိုက်ကပ်မည့် ဆိပ်ခံတံတားတစ်ခု တည်ဆောက်မည်ဖြစ်ပြီး သောင်တူးလုပ်ငန်းနှင့် တံတားပိုင်တိုင်ရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

 

a1

 

a11

 

လုပ်ငန်းဆောင်ရွက်မည့်ကာလမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၀ ခုနှစ် ဇွန် ၁၅ ရက်(ခန့်မှန်း)အထိဖြစ်ပြီး သောင်တူးဖော်မည့်နေရာနှင့် တံတားပိုင်တိုင်ရိုက်မည့်နေရာမှာ သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် ၁၃ နှင့် ၁၄ ရှေ့ ရေပြင်ရှိ နယ်မြေ (ပုံ-၁)တွင်လည်းကောင်း၊ သောင်တူးဖော်မည့်နည်းလမ်းအနေဖြင့် ကမ်းနားနှင့် နီးသည့်ရေပြင်အပိုင်းတွင် ကျားပါးစပ်သောင်တူးရေယာဉ်ဖြင့် နုန်းများနှိုက်ယူတူးခြင်း၊ အပြင်ဘက်ရေပြင်ပိုင်းတွင် သောင်တူးရေယာဉ်ကြီးသည် ရေထဲသို့ သောင်တူးလက်တံချထားပြီး မောင်းနှင်တူးဖော်ခြင်းများဖြင့် လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ TSHD Reem Island သောင်တူးရေယာဉ်၊ San Hang Zhuang ပိုင်ရိုက်ရေယာဉ်၊ Sam Hang Tong (2) ကွန်ကရစ်လုပ်ငန်းသုံးရေယာဉ်၊ M.V Fortune, M.V Mercury Force သံမဏိပိုင်တိုင်များ သယ်ယူရေးရေယာဉ်များ၊ Eainda (6) တွဲတွန်းရေယာဉ်၊ Junxi (2), Junbo (01), Junbo (02) ကျားပါးစပ်သောင်းတူးရေယာဉ်များ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

a2

 

တူးဖော်သည့်သဲနှုန်းများ စွန့်ပစ်ခြင်းအနေဖြင့် ကျားပါးစပ်ဖြင့် တူးဖော်ထွက်ရှိသည့် သဲနုန်းများကို မြက်စိမ်းကျွန်း အရှေ့ဘက်ခြမ်းရှိ သတ်မှတ်နုန်းစွန့်နေရာ(ပုံ-၂ပါ)သို့ ပို့ဆောင်စွန့်ပစ်မည်ဖြစ်ပြီး သောင်တူးရေယာဉ်ကြီးဖြင့် တူးဖော်ထွက်ရှိသည့်သဲနုန်းများကို သက်ကယ်ကွင်းကမ်းခြေအနီး သတ်မှတ်နုန်းစွန့်နေရာ(ပုံ-၁ပါ)သို့ သောင်တူးရေယာဉ်ကြီးမှ သွားရောက်စွန့်ပစ်ကာ သဲနုန်းစွန့်ပစ်မည့် နေရာများအား ပူးတွဲပုံများပါအတိုင်း သတ်မှတ်ထားကြောင်း သိရသည်။

 

a3

 

သောင်တူးသတ်မှတ်နယ်မြေအတွင်း ကျားပါးစပ်နှင့် ပိုင်တိုင်ရိုက်လုပ်ငန်းလုပ်ဆောင်သည့် ရေယာဉ်များသည် လုပ်ငန်းလုပ်ဆောင်နေစဉ်အချိန်၌ အလံနီများ လွှင့်ထူထားခြင်း၊ ညအချိန်တွင် ပတ်လည်မြင်မီး အနီရောင် ၁ လုံး ထွန်းညှိခြင်းတို့ဖြင့် ထင်ရှားသိသာစေရန် ပြသထားမည်ဖြစ်သည်။ သောင်တူးရေယာဉ်ကြီး TSHD Reem Island လုပ်ငန်း လုပ်ဆောင်နေစဉ် သောင်တူးလက်တံ ချထားသည့်ဘက်တွင် နေ့ဘက်၌ ဘောလုံးသဏ္ဌာန် ၂ လုံး၊ ညဘက်၌ ပတ်လည်မြင်မီးနီ ၂ လုံးကိုလည်းကောင်း၊ အခြားတစ်ဖက်တွင် နေ့ဘက်၌ မှန်ကူကွက်သဏ္ဌာန် ၂ လုံး၊ ညဘက်၌ ပတ်လည်မြင်မီးစိမ်း ၂ လုံးကို လည်းကောင်း ချိတ်ဆွဲပြသထားမည်ဖြစ်ပြီး လုပ်ငန်းနယ်မြေအတွင်း လိုအပ်ပါက ရေပြင်၌ အချက်ပြမီး ဗော်ယာအဝါများ ချထားပြသထားမည်ဖြစ်ကြောင်း၊ ဖြတ်သန်းသွားလာသော ရေယာဉ်များသည် သောင်တူးနယ်မြေ၏ အပြင်ဘက် အနည်းဆုံး မီတာ (၅၀) အကွာမှ သို့မဟုတ် အချက်ပြမီးဗော်ယာချထားပါက ၎င်းမီးဗော်၏အပြင်ဘက် လုံလောက်သည့် အကွာအဝေးမှ ဖြတ်သန်း သွားလာရမည်ဖြစ်ပြီး သောင်တူးရေယာဉ်ကြီး သောင်တူးနေစဉ် သောင်တူးလမ်းကြောင်းမှ ရှောင်တိမ်းသွားလာပေးရမည်ဖြစ်ကြောင်း သိရသည်။ 

ငါးဖမ်းရေယာဉ်များသည် သောင်တူးလုပ်ငန်းနယ်မြေနှင့် သဲနန်းစွန့်နယ်မြေအတွင်းနှင့် ဆက်စပ်ရေပြင်အတွင်းတွင် မျောပိုက်များ၊ ကျားပါးစပ်ပိုက်များဖြင့် ငါးဖမ်းခြင်းမပြုလုပ်ရန်နှင့် သောင်တူးနယ်မြေအတွင်း လုပ်ငန်းလုပ်ကိုင်နေသော ရေယာဉ်များနှင့် သဲနုန်းစွန့်နယ်မြေသို့ သွားလာသော ရေယာဉ်များတွင် VHF ဆက်သွယ်ရေးစက် တပ်ဆင်ထားမည်ဖြစ်ပြီး CH-16 ၌ ကြိုတင်ဆက်သွယ်မှုများ ပြုလုပ်၍ အသိပေးသွားလာခြင်း၊ ရှောင်ကွင်းသွားလာခြင်းများ ဆောင်ရွက်ပေးကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

MDN