ရန်ကုန် ၂၂ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်ခြင်း ညှိနှိုင်းအစည်းအဝေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဗိုလ်တထောင်စေတီတော်ရင်ပြင်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ဘက်စုံပြုပြင်ခြင်း ညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဘက်စုံလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဘက်စုံလုပ်ငန်းကော်မတီဝင်များက စေတီရင်ပြင်တော်ရှိ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးနှင့် မုဒ်ဦးတန်ဆောင်း၊ မြနန်းနွယ်တန်ဆောင်း ပြုပြင်ရေးတို့ကို ဆွေးနွေးကြသည်။
ဆက်လက်၍ (၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို နန်းဦးဘုရားကြီးတန်ဆောင်းတွင် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားတင်ပြပြီး စေတီတော် တာဝန်ခံအလှည့်ကျဂေါပက ဦးရဲမြင့်က ပူဇော်လှူဒါန်းပွဲနှင့်ပတ်သက်၍ လျှောက်ထားတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီးတို့က အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်အရှင်သူမြတ်များက အနုမောဒနာတရား ဟောကြားကာ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်များက သံဃာတော် ၁၆၂ ပါး နှင့် သီလရှင် ၄၅ ပါးတို့အား ဆွမ်းဆန်စိမ်းများ စုပေါင်းလောင်းလှူကြသည်။
ယနေ့အခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုး၊ ဂေါပကအဖွဲ့ဝင်များ၊ ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ ဘက်စုံလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)