နေပြည်တော် ၂၂ ဒီဇင်ဘာ
ခရစ်တော်မွေးနေ့ ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့ တက်ရောက်ကြသည်။
မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နှင့်ဇနီး ဒေါ်အေးသီတာ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သိက္ခာတော်ရ ဆရာတော်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည် မိသားစုက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ခရစ်တော်မွေးနေ့ မိတ်သဟာယ နံနက်စာကို အတူတကွ သုံးဆောင်ကြသည်။
မိတ်ဆုံစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အလားတူ ယနေ့နံနက် ၇ နာရီတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ နေအိမ်၌ ခရစ်တော်မွေးနေ့ ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ကျင်းပရာ သိက္ခာတော်ရ ဆရာတော်များက ခရစ်တော်၏ ဂုဏ်တော်ချီးမွမ်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ သမ္မာ ကျမ်းစာဖတ်ကြားခြင်း၊ ခရစ္စမတ် ဒေသနာတော် ဟောကြားခြင်းနှင့် ဓမ္မတေးသီချင်းများ စုပေါင်းသီဆို ချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
(သတင်းစဉ်)