ရန်ကုန် ၂၃ ဒီဇင်ဘာ
မြန်မာနိုင်ငံ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာများ အသင်းအနေဖြင့် သင်္ဘောပေါ်တွင် တွေ့ကြုံရသော အခက်အခဲများကို ဖြေရှင်းနိုင်ရေးနှင့် ဗဟုသုတ အတွေ့အကြုံ မျှဝေနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာများအသင်း ဥက္ကဋ္ဌ ဦးညွှန့်ဦးက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ မျိုးဆက်သစ် ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာတွေကို သင်တန်းတွေပေးမယ်။ ဗဟုသုတ ဖြန့်ဝေမှုတွေလုပ်မယ်။ အတွေ့အကြုံတွေပေးမယ်။ သူတို့တွေ အုပ်စုတွေဖြစ်သွားပြီဆိုတဲ့ အခါကျတော့ သင်္ဘောပေါ်မှာ အခက်အခဲရှိနေရင် ဒီအုပ်စုကို လှမ်းပြီးတော့ အကူအညီတောင်းလို့၊ မေးလို့ရတယ်၊ အရင်ကလည်း မေးတဲ့အစဉ်အလာတွေ ရှိတယ်” ဟု ဒီဇင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံး အဆောက်အဦတွင် ပြုလုပ်ခဲ့သော နောင်တော်အင်ဂျင်နီယာအသင်းများနှင့် အဖွဲ့အစည်းများ တွေ့ဆုံမိတ်ဆက်ပွဲတွင် ဦးညွှန့်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သင်တန်းများ ဖွင့်လှစ်ရာတွင် Electrical ၊ Electronic ၊ Control သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်သည်။ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများတွင် ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာအလုပ် လုပ်ကိုင်နေသူများတွင် မြန်မာနိုင်ငံသား အများဆုံးဖြစ်ပြီး ယူကရိန်း၊ ပိုလန်နှင့် ဖိလစ်ပိုင် နိုင်ငံသားများလည်းရှိသည်။ မြန်မာနိုင်ငံတွင် ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာပေါင်း ၃၀ဝ၀ ကျော်ခန့်ရှိကြောင်း သိရသည်။
ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာများအနေဖြင့် သင်္ဘောပေါ်တွင် အခက်အခဲများစွာ တွေ့ရှိရသည့်အတွက် အဆိုပါ အခက်အခဲများကို ဖြေရှင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး မတူသော အတွေ့အကြုံများကို ဖလှယ်၍ ဗဟုသုတ မျှဝေရန် အဓိကရည်ရွယ်ကာ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာများအသင်းကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-ထိန်လင်း