၂၃ ဒီဇင်ဘာ

 

ခေတ်ကြီးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို လေ့လာစမ်းသပ်ကြည့်ဖို့ ပိုမိုလွယ်ကူလာပါတယ်။ တစ်ချိန်တည်းမှာပဲ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ လူငယ်တွေရာ လူကြီးတွေပါ အစာအာဟာရ ချို့တဲ့လာတယ်။ နေ့စဉ် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မရတာကြောင့် ရောဂါအသစ်အဆန်းတွေဖြစ်ဖို့ ပိုပြီး လွယ်ကူလာပါတယ်။

 

ကျား၊ မ အသက်အရွယ်မရွေး အဆီ၊ အချို၊ အငန် စားသုံးမှု ပိုများလာတယ်။ အချိန်ပေးစရာ မလိုဘဲ အလွယ်တကူ မှာစားလို့ ရတဲ့ Fast Food တွေ၊ တာရှည်ခံအောင် ဓာတုဗေဒနည်းပညာတွေနဲ့ စီမံပြုလုပ်ထားတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့လည်း မညီညွတ်၊ အာဟာရလည်း မဖြစ်စေတဲ့ အစားအစာတွေ စားသုံးမှု များလာတဲ့အခါ ကျန်းမာရေးထိခိုက်လာတယ်။

 

တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျန်းမာရေးအတွက် သတ်မှတ်ချက်တွေလည်း များလာတယ်။ မနက်စောစော အစာစားရမယ်။ ကိုယ်အလေးချိန်လျှော့ဖို့ ညဘက်တွေ အစားတွေ လျှော့စားကြတယ်။ ညမိုးချုပ် အိပ်ခါနီးအချိန်မှာ အစာစားတာရှောင်ဖို့ လူကြီးသူမတွေ ပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ လူအများစု သိထားတာကတော့ ညဘက် အစာစားတဲ့အခါ အဝလွန်မယ်၊ ကိုယ်အလေး ချိန်တက်မယ်၊ တကယ်တမ်းမှာ ဒါတွေအပြင် တခြားသော ကျန်းမာရေးပြဿနာလည်း ဖြစ်နိုင်ပါသေးတယ်။

 

ညဘက်နောက်ကျမှ အစာစားတဲ့ အခါ ဘာတွေ ဖြစ်နိုင်လဲ။

 

မိုးချုပ်တဲ့အထိ စာလုပ်နေရတဲ့ ကျောင်းသား ကျောင်းသူတွေ၊ မနက်နဲ့ ည အလုပ်လုပ်ချိန် ပုံမှန်မရှိတဲ့ သူတွေ၊ ညကို နောက်ကျမှ အိပ်ပြီး ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့နေကြတဲ့ လူငယ်တွေအတွက်တော့ ညဘက် နောက်ကျတဲ့အထိ အစာစားတာ ပုံမှန်လိုဖြစ်နေပေမယ့် တကယ်တော့ ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

 

ညနေဘက်မှာ အစားလျှော့စားတာထက် ၈ နာရီမတိုင်ခင် နောက်ဆုံးထားပြီး အစာစားပေးပါ။ အိပ်ခါနီးနဲ့ အချိန် ၂ နာရီလောက် ခြားပြီး အစာစားပေးရပါမယ်။ အဲ့လို မဟုတ်ပဲ ညအတော်လေး နောက်ကျမှ အစာတွေ စားမယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ ရှိပါတယ်။

 

၁။ ကိုယ်အလေးချိန် တက်စေတယ်။

 

ဒါကတော့ လူတော်တော်များများ သိထားကြပြီး ဖြစ်မှာပါ။ ညစာရှောင်တာထက် ညမိုးချုပ်မှ အစာစားခြင်းဟာ ကိုယ်အလေးချိန်ကို တက်စေပြီး အဝလွန်စေတယ်။ ညမိုးချုပ်တဲ့အခါ ကိုယ်က မအိပ်ဘဲ နိုးနေရင်တောင် ကိုယ်တွင်းအင်္ဂါတွေက ပင်ပန်းနေမှာ ဖြစ်တဲ့အတွက် အစာကောင်းကောင်း ချေပေးနိုင်မှာ မဟုတ်ပါဘူး။ အစာမကြေဖြစ်ပြီး ရင်ပြည့်မယ်။ ဗိုက်မအီမသာဖြစ်ပြီး နိုးလာတဲ့အခါမှာလည်း နေလို့ထိုင်လို့ ကောင်းမှာ မဟုတ်ပါဘူး။

 

၂။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်။

 

အစာဝင်သွားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေအပြင် ဦးနှောက်ကပါ အလုပ်လုပ်နေရတဲ့အတွက် ကိုယ့်ရဲ့ ညဘက်အိပ်ချိန်ကိုပါ အဟန့်အတားဖြစ်စေပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ် အိပ်ချိန် အနည်းဆုံး ၇ နာရီ ပြည့်ဝဖို့ လိုအပ်တာကြောင့် ကြာလာတဲ့အခါ ညဘက်အစာ စားတတ်တဲ့ အကျင့်ကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။

 

၃။ ရင်ပူမယ်။

အစာစားလိုက်တဲ့အခါ အစာအိမ်က အက်စစ်တွေ စီးဆင်းတဲ့အတွက် နှလုံးနဲ့ ရင်ဘက်တစ်ဝိုက်မှာ ပူလောင်နေမယ်။ အစာကောင်းကောင်း ချေဖျက်ပေးနိုင်မှာ မဟုတ်တဲ့အပြင် အစာစားပြီး အိပ်ရာတန်းဝင်လိုက်တဲ့အခါ ရင်ဘက်ထဲမှာ ပူလောင်နေတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

 

၄။ အစာမကြေဖြစ်မယ်။

 

အိပ်စက်နေရမယ့် အချိန်မှာ အစာစားတဲ့အခါ အစာမကြေတာတော့ သဘာဝပါပဲ။ ညဘက် နောက်ကျမှ အစာစားပြီးအိပ်ရင် အစာချေဖျက်ဖို့ကြာတဲ့အပြင် နောက်နေ့မနက် နိုးလာတဲ့အခါမှာလည်း ဗိုက်က အလွန်အမင်း ဆာလောင်နေမှာပါ။

 

၅။ ဆီးချို၊ သွေးတိုး ဖြစ်စေမယ်။

 

ရေခဲသေတ္တာထဲမှာရှိတဲ့ အချိုမုန့်တွေ၊ အကြော်အလှော်တွေဟာ ညဘက် နောက်ကျမှ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ အဓိကတရားခံပါပဲ။ ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ပိုပြီးစားကောင်းနေမှာ ဖြစ်တဲ့အတွက် ခါတိုင်းအချိန်ထက် ပိုစားမယ်။ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ သကြားဓာတ်တွေ၊ ကိုလက်စထရောနဲ့ ကယ်လိုရီဓာတ်တွေ တိုးလာမယ်။ ဒီအခါမှာ ဆီးချို၊ သွေးတိုးအပြင် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။

 

ညဘက် အစာစားတဲ့အကျင့်ကို ဘယ်လိုဖျောက်ဖျက်ကြမလဲ။

 

၁။ မနက်နဲ့ နေ့လယ်ကို ပြည့်ဝစွာ စားပြီး ညဘက်မှာ အစားလျှော့စားပါ။ အစာကြေလွယ်စေတဲ့ အမျှင်ဓာတ်များတဲ့ အစားအစာ၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ညဘက်တွေမှာ ပိုစားပေးပါ။

 

 

၂။ ၇ နာရီမတိုင်ခင် ညစာကို အပြီးစားတဲ့ အကျင့်လုပ်ပေးထားပါ။ နောက်အကျဆုံး ၈ နာရီထိသာ အစာစားပြီး အိပ်ချိန်နဲ့ အနည်းဆုံး ၂နာရီလောက် ခြားထားပေးပါ။

 

၃။ ညဘက်တွေမှာ ဗိုက်အရမ်းဆာလာပြီဆိုရင် သစ်သီး၊ ပေါင်မုန့်ကြမ်းကို ရေတစ်ခွက် အဝသောက်ပြီး စောစောအိပ်ပါ။

 

၄။ ညနောက်ကျတဲ့အထိ ရုပ်ရှင်ကြည့်တဲ့အခါ အစာစားချင်စိတ်ကို ဖြစ်စေတဲ့အပြင် အိပ်စက်ခြင်းကိုပါ ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

 

၅။ ညဘက်တွေမှာ စောစောအိပ်တဲ့ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက မွေးမြူထားပါ။

 

ရေးသားသူ Ye Myo Myat

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”