သတင်း၊ ဓာတ်ပုံ-ရီရီမြင့်

ရန်ကုန် ၂၃ ဒီဇင်ဘာ

ဆေးတက္ကသိုလ်-၁(ရန်ကုန်)သားဖွားမီးယပ်ပညာဌာန၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)နှင့် သြစတြေးလျနိုင်ငံ မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းခွဲစိတ်အထူးကု ဆရာဝန်ကြီးများအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၆) ကြိမ်မြောက် မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) အဆင့်မြင့်ငါးထပ်ဆောင်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ကြီး၊ မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းကုဌာန (သားဖွားမီးယပ်)ပါမောက္ခ ဒေါက်တာ ခင်ပြုံးကြည်၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) သားဖွားမီးယပ်ပညာဌာန ပါမောက္ခဌာနမှူး ပါမောက္ခဒေါက်တာနွယ်မာထွန်းနှင့် သြစတြေးလျနိုင်ငံ မီးယပ်ဆိုင်ရာ ဆီးလမ်း ကြောင်းခွဲစိတ်အထူးကုဆရာဝန်ကြီးများ အဖွဲ့ခေါင်းဆောင် Prof: Dr. Judith Goh တို့က အမှာစကားပြောကြားကြသည်။

 

ေ

 

အလုပ်ရုံဆွေးနွေးပွဲတွင် သြစတြေးလျနိုင်ငံ မီးယပ်ဆိုင်ရာ ဆီးလမ်း ကြောင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ က ဆရာဝန်များနှင့် သူနာပြုသားဖွား ဆရာမများအား မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းခွဲစိတ်ကုသမှုအမျိုးမျိုးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃၊ ၂၄၊ ၂၇ ရက်များတွင်  ကျင်းပသွား မည်ဖြစ်ပြီး မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းပြဿနာများ မှ တစ်ခုဖြစ်သော မီးဖွားစဉ် ဆီးအိမ်ထိခိုက်မိခြင်းကြောင့် ဆီးယိုဆင်းခြင်းအတွက် ထိရောက်သောကုသမှုများ ပေးနိုင်ရန်၊ မီးဖွားစဉ်မွေးလမ်းကြောင်း ဒဏ်ရာရခြင်းအား အခြေခံကျန်းမာရေး ဝန်ထမ်းများဖြစ်သော သားဖွားဆရာမများက မှန်ကန်ထိ်ရောက်စွာ ကုသမှုပေးနိုင်စေ ရန်၊ လွှဲပြောင်းကုသရန်လိုသော လူနာများ ဆက်လက်ကုသနိုင်ရန် ကျွမ်းကျင်သော ဆရာဝန်များထံ မည်သည့်အဆင့်တွင် လွှဲပြောင်းရမည့်အကြောင်း သားဖွား ဆရာမ များသိရှိနိုင်ရန်၊ သားအိမ်နှင့် မွေးလမ်းကြောင်းလျှောချခြင်းကုထုံးဖြစ်သည့် ပြန်လည် ပင့်တင်ပေးသည့် ကွင်းအမျိုးမျိုးဖြင့် ကုသခြင်းကို ပိုမိုကျွမ်းဝင်လာစေရန်နှင့် အခြားမီး ယပ်ဆိုင်ရာ ဆီးလမ်းကြောင်း ရောဂါများနှင့်စပ်လျဉ်းသည့် ခေတ်မီကုထုံးများကို ပိုမိုကျွမ်းဝင်တတ်မြောက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-သြစတြေးလျနိုင်ငံတို့မှ မီးယပ်သားဖွား၊ ဆီးလမ်းကြောင်းရောဂါခွဲ စိတ်ကုဆရာဝန်ကြီးများက အလုပ်ရုံဆွေးနွေးပွဲကျင်းပသည့် ရက်များတွင် မီးယပ်၊ သားဖွား၊ ဆီးလမ်းကြောင်းရောဂါလူနာ ၂၄ ဦးတို့အား ခွဲစိတ်ကုသပေးမှုကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်)တွင် ပါမောက္ခအထူးကုဆရာဝန်ကြီးများက အပတ်စဉ် အင်္ဂါနေ့တွင်မီးယပ်သားဖွားဆိုင်ရာ ဆီးလမ်းကြောင်းရောဂါလူနာများအား ပြင်ပလူနာဌာန၌ ကြည့်ရှုကုသပေးလျက်ရှိပြီး ခွဲစိတ်ကုသရမည့် လူနာများအား ကြာသပတေးနှင့် သောကြာနေ့များတွင် ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)