ကြံခင်း ၂၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆုံလဲကျေးရွာ အုပ်စု၊ သဲဖြူကျေးရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလင်းနှင့် ဝန်ထမ်းများက ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စာရင်းဇယားများကို ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀ဝ ဖြင့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သိန်း (၇၀)၊ ကျေးရွာ ထည့်ဝင်ငွေများဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး လုပ်ငန်း ၇၆ ဦး၊ မွေးမြူရေးလုပ်ငန်း ၃၇ ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၄ ဦး စုစုပေါင်း (၁၁၇) ဦးအား စီမံကိန်းအတိုးအရင်း ရရှိငွေကျပ် စုစုပေါင်း ၃၉ ဒသမ ၃၈ သန်းဖြင့် ထုတ်ချေး လည်ပတ်လျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း(၉)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


