ငပုတော ၂၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်များ တိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းက အဆင့်မြင့် စက်ချုပ်သင်တန်းက သင်ကြားပေးသော အတက်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားစေလိုကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများသည် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနည်းပြ ဒေါ်သိန်းသိန်းနိုင်က သင်တန်းတွင်ပို့ချခဲ့သည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းကိုတက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ (၃၀) ဦးအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)မှ သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် တစ်လကြာဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


