ဘားအံ ၂၄ ဒီဇင်ဘာ
ကရင်ပြည်နယ်၏ ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရ ဖွံဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဒီဇင်ဘာ တတိယပတ်က ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခိုင်စန္ဒာအောင် က ပြည်နယ်အဆင့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားကာ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အာဟာရဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ကဏ္ဍပေါင်းစုံပါဝင်သော အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (၃) ရက်ကြာကျင်းပခဲ့ပြီး မြို့နယ်(၇) မြို့နယ်မှ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုသရေး၊ လူမှုဝန်ထမ်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ရှိ ပြည်သူလူထု၏ အာဟာရအခြေအနေ ပိုမိုကောင်းမွန် လာစေရန် ရည်ရွယ်၍ ကဏ္ဍပေါင်းစုံပါဝင်သော စီမံကိန်း ထွက်ပေါ်လာစေရေး ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


