မြင်းမူမြို့ ၂၄ ဒီဇင်ဘာလ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ အမှတ်(၁)နယ်မြေ၊ ဗန္ဓုလရပ်ကွက်ရှိ ဗိုလ်ချုပ် အောင်ဆန်း ပန်းခြံအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် အုပ်ချုပ်ရေးမှုးရုံး ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ တည်ဆောက်ရေးအဖွဲ့ နာယကဦးဘာဘာ၊ တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းနှင့် ဦးစီးကော်မတီ ဦးတေဇနိုင်တို့က ပန်းခြံတည်ဆောက်ရေး လုပ်ငန်းအဆင့်ဆင့်၊ ရန်ပုံငွေရရှိမှုနှင့် သုံးစွဲမှုအခြေအနေများ၊ လက်ရှိ အဆောက်အဦများ တည်ဆောက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံတည်ဆောက်ထားရှိသည့် မှတ်တမ်း အချက်အလက်များကို တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်း ထံသို့လည်းကောင်း၊ ငွေစာရင်းရှင်းတမ်းနှင့် လက်ကျန်ရန်ပုံငွေ ကျပ် (၄၅) သိန်းကို ပန်းခြံ တည်ဆောက်ရေး ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးလှမျိုးအောင်ထံသို့ လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယခုလွှဲပြောင်းပေးအပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ မြေဧက (၅ ဒဿမ ၁၁) ရှိပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်၊ ဗိုလ်ချုပ်ကျောက်တိုင်၊ခန်းမနှင့် ဆိုင်ခန်းများ တည်ဆောက်ထားရှိပြီး ဆောက်လုပ်မှုလုပ်ငန်း (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


