ဒီဇင်ဘာ ၂၄

 

 

အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) စနစ်ဖြင့် မှတ်ပုံတင်သည့်ကုမ္ပဏီပေါင်း တစ်နှစ်​ကျော်အတွင်း ၇၆၀၀၀ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

 

၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ MyCO အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ပြီး အဆိုပါစနစ်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ကျင့်သုံးလျက်ရှိရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ တစ်နှစ်ကျော်အတွင်း ကုမ္ပဏီအသစ် ၂၀၀၀၀ ကျော်နှင့် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီအဟောင်း ၄၆၀၀၀ ကျော်၊ စုစုပေါင်း ကုမ္ပဏီ ၇၆၀၀၀ ကျော်ကို မှတ်ပုံတင်နိုင်ခဲ့သည်။

 

 

အဆိုပါ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO)အသုံးပြု၍ မှတ်ပုံတင်သည့် ကုမ္ပဏီအသစ်မှာ လစဉ် ၁၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ရာတွင်လည်း Manual Filings ကို အသုံးမပြုဘဲ Oline Application ကိုသာ ၁၀၀ ရာခိုင်နှုန်း အသုံးပြုလာကြောင်း သိရသည်။

 

 

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ယခင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၆၀၀၀၀ ကျော်ရှိပြီး ပြန်လည်မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ထားသော ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီ ၄၆၃၇၇ ခုရှိသည်။ ပြန်လည်မှတ်ပုံတင်ရန် ကုမ္ပဏီ ၁၀၀၀၀ ကျော် ကျန်ရှိနေသေးကာ ယင်းကုမ္ပဏီများကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်သည်။

 

 

သို့သော် ပြန်လည်မှတ်ပုံတင်မည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလထက်နောက်ကျပြီး ပြန်လည်မှတ်ပုံတင်မည် ဆိုပါကလည်း လုံလောက်သည့် ခိုင်လုံသောအကြောင်းပြချက် ပေးရမည်ဖြစ်သည့်အပြင် သတ်မှတ်ထားသည့် ဒဏ်ကြေးငွေပါ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

 

ထို့ပြင် မှတ်ပုံတင်ထားသော ကုမ္ပဏီ(အဟောင်း+အသစ်)များ အနေဖြင့်လည်း မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီအားလုံးသည် ဥပဒေပုဒ်မ ၉၇ အရ Myanmar Companies Online (MyCO) တွင် နှစ်စဉ် အစီရင်ခံစာ (Annual Return-AR) ကို ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် နှစ်စဉ်အနည်းဆုံး တစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျဘဲ) တင်ပြရမည်ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၂၆၆ (က) အရ နှစ်စဉ်အစီရင်ခံစာ ပေးပို့သည့်အချိန်နှင့် တစ်ပြိုင်တည်း ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပုံစံ ဆ-၅ (G-5) ဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၅၃(က-၁) အရ ပြည်ပကော်ပိုးရေးရှင်း (Overseas Corporation) အားလုံးသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ၂၈ ရက်အတွင်း နှစ်စဉ်အစီရင်ခံစာကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် MyCO တွင် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

 

ထိုသို့ ကုမ္ပဏီများသည် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို AR Due Date ဖော်ပြထားသည့် ရက်စွဲအတိုင်း တင်ပြရမည် ဖြစ်သော်လည်း ယခုနှစ် နိုဝင်ဘာလအထိ AR တင်ပြရန် ပျက်ကွက်ခဲ့သော Suspended ဖြစ်နေသည့် ကုမ္ပဏီစုစုပေါင်း ၅၇၂၄ ခု ရှိကြောင်း သိရသည်။

 

 

ထို့ကြောင့် အသစ်တည်ထောင်ထားသော ကုမ္ပဏီများသည် ကုမ္ပဏီဖွဲ့စည်းပြီးသည့်နေ့မှ ၂ လအတွင်း တင်ပြရန်နှင့် မတင်ပြပါက နောက်ကျကြေး ကျပ် ၁၀၀၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ AR form အား ၁၃ လအတွင်း မတင်ပြပါက တင်ပြရန် ပျက်ကွက်ခဲ့မှုအတွက် ပုံစံ (ဈ-၉က) (I-9A) ဖြင့် System မှ Company Status တွင် ရပ်ဆိုင်းရန် အကြောင်းကြားစာ ပေးပို့မည်ဖြစ်ကာ  I-9A လက်ခံရရှိသည့်နေ့မှ ၂၈ ရက်အတွင်း AR form တင်ပြလာခြင်း မရှိသေးပါက System မှ Company Status တွင် ဆိုင်းငံ့စာရင်း (Suspended) သို့ ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

 

 

ထိုသို့ ကုမ္ပဏီတစ်ခုသည် ဆိုင်းငံ့စာရင်း (Suspended) အခြေအနေသို့ ရောက်ရှိနေပါက AR form နှင့် နောက်ကျကြေးများ (AR + Late Fee) ဦးစွာပေးသွင်းပြီးမှ ဆိုင်းငံ့ထားခြင်းကို ပြန်လည်ရုပ်သိမ်းရန်အတွက် တင်ပြလျှောက်ထားလွှာပုံစံ (ဈ-၉ဃ) (I-9D) ဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြရမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့စာရင်း (Suspended) ဖော်ပြခံထားရသော ကုမ္ပဏီများအနေဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ရန်အတွက် AR Fee (50,000) + Late Fee (100,000) + I-9D Company Restoration Fee (100,000) = Ks 250,000 ကုန်ကျမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့်နေ့မှ ၆ လအတွင်း AR Form မတင်ပြပါက System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ပြောင်းလဲဖော်ပြသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

 

 

ငြိမ်းငြိမ်း