နေပြည်တော် ၂၄ ဒီဇင်ဘာ
ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ရေတပ်သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။
ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ) အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သော စစ်ရေယာဉ် (မုတ္တမ)၊ ကမ်းရိုးတန်းသယ်ယူပို့ ဆောင်ရေးရေယာဉ်(မြစ်ကြီးနား)၊ ၂၇ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်များ၊ ၂၆ မီတာ ပင်လယ်သွား တွဲ၊ ဆွဲ ရေယာဉ်များနှင့် ၂၀ မီတာမြစ်တွင်းသွား ကင်းလှည့်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဘက်စုံသုံးထောက်ပံ့ရေးရေယာဉ် (Multi Purpose Vessel-MPSV) ပေါ်ရှိ အလေးပြုခံစင်မြင့်၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ်စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ်စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက် စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေယာဉ်-ဘုရင့်နောင်နှင့် အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များနှင့် တပ်တော်ဝင်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၃) ရေတပ်ဆိပ်ခံတံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ် ရတနာပုံဖြင့် ထွက်ခွာပြီး ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၂)နှစ်မြောက် တပ်မတော်(ရေ) အထိမ်းအမှတ်ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက် ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


