နေပြည်တော် ၂၅ ဒီဇင်ဘာ
မြန်မာနိုင်ငံမှ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမတစ်ဦးစီတိုင်းသည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ခြင်း သံတမန်ဖြစ်ပါစေကြောင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက ဒီဇင်ဘာ ၂၁ ရက်တွင် ၂၀၁၉ ခရစ္စမတ်သတင်း စကားအဖြစ် ပြောကြားခဲ့သည်။
ထို့ပြင် ဘုရားသခင်သည် မြန်မာနိုင်ငံအပေါ် လွန်စွာရက်ရက်ရောရောပေးသနား တော်မူခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းတွင် ကျက်သရေနှင့်ပြည့်စုံသောသူများ၊ သဘာဝသယံဇာတများ၊ ဘာသာသာသနာထွန်းကားခြင်းများ ရှိနေခဲ့ကြောင်း၊ ထိုအရာများကို တစ်ပါးသူတို့ပင် အားကျလျက်ရှိကြကြောင်း။
ထိုကဲ့သို့ ကောင်းကျိုးချမ်းသာများစွာရှိနေပါသော်လည်း ကမ္ဘာကမြန်မာနိုင်ငံကို သိသည့်ပုံစံမှာ ကွဲပြားနေကြောင်း၊ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး၌ပင် တရားစွဲခဲ့ကြကြောင်း၊ ပြင်းထန်သောစကားလုံးများဖြင့် ဤနိုင်ငံကို တိုက်ခိုက်ခဲ့ကြကြောင်း။
ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မှုအခြေအနေကို ပိုမိုနားလည်ရန်လိုအပ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှလူများ ဒုက္ခခံစားနေရခြင်းအပေါ် ကမ္ဘာက စိုးရိမ်ပူပန်သည်ကို မြန်မာနိုင်ငံနားလည်ရန် လိုအပ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ကမ္ဘာက မြန်မာနိုင်ငံကို ပိုမိုနားလည်ရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် မိမိ၏လုံခြုံရေးအတွက် ပြုလုပ်အပ် သောအစီအမံများရှိကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးမှ နိုင်ငံများတွင် မိမိတို့၏လုံခြုံရေး အစီအမံကိုယ်စီရှိကြကြောင်း၊ ဤတိုင်းပြည်၌ ကြုံတွေ့နေရသော ဒီမိုကရေစီရုန်းကန်မှုကို ကမ္ဘာကနားလည်ရန်လိုအပ်ကြောင်း၊ စစ်မှန်သောဒီမိုကရေစီရရေးအတွက် ရုန်းကန်နေရသော ဤတိုင်းပြည်ကို နိုင်ငံတကာအသိုက်အဝန်းက တွဲကူရန်လိုအပ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတော်သစ်ကို ပြန်လည်အရေးယူရန်ကြိုးစားနေကြကြောင်း၊ ယင်းအတွက် ထိခိုက်ရသူတို့မှာ ပြည်သူများသာဖြစ်ကြောင်း။ ။
မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအသိုက်အဝန်းက ပြုလုပ်ပေးသင့်သောအရာမှာ ပြစ်တင်ရှုတ်ချခြင်းမဟုတ်ဘဲ နားလည်မှုရှိခြင်း၊ အကြံပေးခြင်း၊ ဖေးမတွဲကူ ခြင်းများသာဖြစ်ကြောင်း၊ သာမန်ပြည်သူလူထုကို ထည့်တွက်ခြင်းမရှိဘဲ ပိတ်ဆို့အရေး ယူမှုများပြုလုပ်ပါက မြန်မာပြည်သားတို့အပေါ် ကမ္ဘာကထားသည့်စေတနာကို မှန်ကန်စွာ အဓိပ္ပာယ်ကောက်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ယင်းသည်ပင် ခရစ္စမတ် သတင်းစကားဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တာရာ


