ပင်လည်ဘူး ၂၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့၌ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ဝါးဘိုးချောင်းကျေးရွာနှင့် အင်းကုန်းကျေးရွာတို့တွင် ၂၄ နာရီ ကျေးရွာလျှပ်စစ်မီး ရရှိရေးလုပ်ငန်း ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအား ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာလျှပ်စစ်ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် တို့က အမှာစကားများပြောကြားခဲ့သည်။
ကျေးရွာပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန် ဆောင်ရန်များ သိရှိစေရန် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ပညာပေး ရှင်းလင်းပြောကြားပြီး လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာပေါင်း ၂၆၆ ရွာရှိပြီး အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအရ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီး ရရှိရေးလုပ်ငန်းကို ကျေးရွာပေါင်း ၁၉ ရွာတွင် ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ယခုဝါးဘိုးချောင်းကျေးရွာနှင့် အင်းကုန်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၃ ရွာမြောက် လျှပ်စစ်မီး ရရှိပြီဖြစ်ကာ ပင်လည်ဘူးမြို့နယ်တွင် လက်ရှိကျေးရွာပေါင်း ၈၀ ၌ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်ကပြောသည်။
မျိုးလွင်(ပင်လည်ဘူး)


