နေပြည်တော် ၂၅ ဒီဇင်ဘာ
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဖလောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဒကိ္ခဏခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုလတ်မှ ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးအနေဖြင့် ၂၀၁၆-၂၀၁၉ ခုနှစ် လေးနှစ်တာကာလအတွင်း (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၂၁၉ ကတ်၊ (၁၈)နှစ်ပြည့် ၄၁၅၄ ကတ်၊ လဲလှယ် ၃၀၆၅ ကတ်နှင့် မိတ္တူ ၅၅၂၉ ကတ် စုစုပေါင်း ၁၈၉၆၇ ကတ်အား ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးသန်းစိုးအောင်၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးထိန်ဝင်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူ့လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင် ပျဉ်းမနားမြို့နယ် တောင်ပေါ်ကျေးရွာများဖြစ်သည့် သစ်တွန်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခွဲ ၁၁ ရွာမှ ကျေးရွာသူ၊ ကျေးရွာသား ၂၁၇ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦး စုစုပေါင်း ၄၆၇ တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


