ဝမ်းတွင်း ၂၅ ဒီဇင်ဘာ
ပဲကြီးသီးနှံ စံပြကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တောင်ကြီးကုန်းစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးအောင်မျိုးသန့်မှ တောင်သူ ပညာပေးပွဲ ကွင်းသရုပ်ပွဲ ပြုလုပ်ရခြင်းနှင့် စိုက်ပျိုးသီးနှံများအကြောင်း ရှင်းလင်းဆွေးနွေးပြီး တောင်ကြီးကုန်း စိုက်ကွင်းမှူး ဦးဌေးလင်းမှ စိုက်ကွင်းအတွင်း စိုက်ပျိုးထားသည့် ပဲကြီးသီးနှံ အကြောင်းကို ဆွေးနွေးခဲ့သည်။
ထို့နောက် စမုံစိုက်ကွင်း(ဒုဦးစီးမှူး) ဦးဇော်လွင်မြင့်(GAD) စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စိုက်ပျိုး သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် သဘာဝမြေဩဇာများကို ထည့်သွင်း အသုံးပြု စေလိုကြောင်း၊ မျိုးကောင်းမျိုးသန့် ပဲကြီးမျိုးများသည် သဘာဝဒဏ်ကိုခံနိုင်ပြီး တောင်သူများအနေဖြင့် အကျိုးဖြစ်ထွန်းစေမည့် သီးနှံမျိုးဖြစ်တာကြောင့် စိုက်ပျိုးသင့်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စိုက်ကွင်းတာဝန်ခံ ဦးသိန်ဇော်က ပဲကြီးသီးနှံ စံပြကွက်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် စိုက်ပျိုးထားသော ပဲကြီးမျိုးသန့်သီးနှံသည် မိုးခေါင်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိကာ အောင်မြင်ဖြစ်ထွန်းတဲ့ သီးနှံမျိုးဖြစ်ကြောင်း၊ မိုးရေချိန်လက်မ (၁၅)လက်မတောင် မပြည့်တော့ သီးနှံစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း၊ မိုးရေချိန် ရရှိမှုနည်းပါးတဲ့ အရပ်ဒေသဖြစ်တာကြောင့် အရှုံးမပေါ်သော သီးနှံမျိုးများကိုသာ ရွေးချယ် စိုက်ပျိုးကြရန်နှင့် ယခုစိုက်ပျိုးသော ပဲကြီးမျိုးသန့်သီးနှံသည် တစ်ဧက အထွက်နှုန်း ၈ တင်းထွက် ရှိတာကြောင့် တောင်သူများအတွက် အကျိုးဖြစ်ထွန်းကြောင်း ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးကုန်း စိုက်ကွင်းမှူး၊ စိုက်ကွင်းတာဝန်ခံများ၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့သည်။
ဌေးလှိုင်(ဝမ်းတွင်း)


