မယ်စဲ့  ၂၅  ဒီဇင်ဘာ

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကောက်ခံခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ရာနှုန်းပြည့် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 

“မယ်စဲ့မြို့နယ်မှာ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဒေသခံ စာရင်းကောက်သုံးဦး၊ စာရင်းစစ်တစ်ဦးကို ရွေးချယ်ပြီး လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ သင်တန်း တက်ရောက်စေခဲ့ပါတယ်။ ကျွန်တော်တို့ ရွေးချယ်ထားသူတွေရဲ့ ကျွမ်းကျင်မှုကြောင့် မြေပြင်မှာ စာရင်းကောက်ယူရာမှာ အခက်အခဲမရှိ အဆင်ပြေစွာနဲ့ သတ်မှတ်ရက်အတွင်း ကောက်ယူနိုင်ခဲ့ပါတယ်”ဟု မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ခင်က ပြောကြားသည်။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အဆင့်လေးဆင့် ခွဲခြားသတ်မှတ်ထားပြီး ကယားပြည်နယ်တွင် ဒုတိယအဆင့်အနေဖြင့် ကောက်ယူခြင်းဖြစ်ရာ မယ်စဲ့မြို့နယ်တွင် မယ်စဲ့၊ နမ့်မန်း၊ ဟိုဂျစ် ကျေးရွာအုပ်စု(၃)အုပ်စု၊ ကောက်ကွက်(၄)ကွက်ကို သက်ဆိုင်ရာတာဝန်ရှိသူများ ဦးစီး၍ ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ စာရင်းကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၁၄၀၊ ကျား ၂၅၇ ဦး၊ မ ၃၀၅ ဦး၊ စုစုပေါင်း ၅၆၂ ဦးကို ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

mdn