နေပြည်တော် ၂၅ ဒီဇင်ဘာ
ပြည်သူများ၏ ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ဒီဇင်ဘာ ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် အထူးရထားကို အစုန်/အဆန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ အထူးရထားကို ဒီဇင်ဘာ ၂၇ ရက်နှင့် ၃၀ ရက်တို့တွင် ရန်ကုန်-မန္တလေး ခရီးစဉ်ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၉ ရက်နှင့် လာမည့်နှစ် ဇန်နဝါရီ ၁ ရက်တို့တွင် မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း ပြေးဆွဲပေးမည် ဖြစ်သည်။
ရထားအချိန်စာရင်းမှာ အဆန်အထူးရထားသည် ရန်ကုန်မှ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ နောက်တစ်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ အစုန်အထူးရထားသည် မန္တလေးမှ ညနေ ၅ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။
အထူးရထားအား ရိုးရိုးတန်း (၈)တွဲ၊ အထက်တန်းထိုင်ခုံ (၄)တွဲ၊ အထက်တန်းအိပ်စင်(၁)တွဲ၊ ဘရိတ်တွဲ(၁)တွဲတို့ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး လမ်းခရီးတွင် ရထားရပ်တန့်ပေးမည့် ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ပြွန်တံဆာ၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါး၊ ကညွတ်ကွင်း၊ ဖြူး၊ တောင်ငူ၊ ဧလာ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ရမ်း၊ သာစည်၊ သဲတော၊ မြစ်သားနှင့် ကျောက်ဆည် ဘူတာတို့တွင် ရပ်တန့်ပေးမည် ဖြစ်သည်။
ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မှထွက်မည့် အထူးရထားအတွက် လက်မှတ်များကို ၂၅ ရက်နေ့မှစ၍ နှစ်ရက်ကြိုတင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရထားလက်မှတ်ခများမှာ နှုန်းထားပြောင်းလဲခြင်းမရှိဘဲ ရန်ကုန်မှ မန္တလေးအထိ ရိုးရိုးတန်းလက်မှတ် တစ်စောင်လျှင် ၄၆၅၀ ကျပ်၊ အထက်တန်းထိုင်ခုံ တစ်စောင်လျှင် ၉၃၀ဝ ကျပ်နှင့် အထက်တန်းအိပ်စင် တစ်စောင်လျှင် ၁၂၇၅၀ ကျပ်တို့ဖြစ်ပြီး ရန်ကုန်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် မနက် ၇ နာရီမှစ၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ငြိမ်းငြိမ်း


