ထန်းတပင် ၂၅ ဒီဇင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် မွေးကင်းစမှ (၆)လအရွယ်၊ (၆)လမှ (၁)နှစ်အရွယ်၊ (၁)နှစ်မှ (၁)နှစ်ခွဲအရွယ်၊ (၁)နှစ်ခွဲမှ (၂)နှစ်အရွယ်နှင့် အမြွှာအုပ်စုဟူ၍ (၅)အုပ်စုခွဲကာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကလေးငယ်များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။
လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မြို့ပေါ်ရပ်ကွက်(၅)ခုတို့မှ ကလေးငယ် ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုများရရှိသည့် ကလေးငယ်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သွားမည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


