ညောင်တုန်း ၂၅ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင် ကျင်းပသော မျိုးဆက်သစ် လူငယ် ကျား/မ စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ် (၄)ရပ်ကွက်ရှိ ကျန့်တိတ်ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းရီက စားပွဲတင်တင်းနစ် အားကစားကို မျိုးဆက်သစ်လူငယ်တွေ ပိုမိုစိတ်ဝင်စားလာစေရန် ယခုလိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ မျိုးဆက်သစ်လူငယ် ကျား/မ စားပွဲတင် တင်းနစ်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို အား/ကာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် မျိုးဆက်သစ်လူငယ် ကျား/မ စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ယခုနှစ်မှစတင်၍ ပထမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး နောင်နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ဝဠာနိုင် (ညောင်တုန်း)


