သဲကုန်း  ၂၅  ဒီဇင်ဘာ 

 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိစေရေး၊ ကျေးလက်နေပြည်သူ များ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ စက်ရေတွင်း တူးဖော်ခြင်းနှင့် ကုန်ထုတ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

1

 


သဲကုန်းမြို့နယ်အတွင်းရှိ စွယ်စောင်းကုန်း၊ ဇီးကုန်း၊ သောင်းမဲကြီး၊ သဲဆည်၊ အုပ်ဖို၊ သရက်ကိုင်းကျိုး၊ ဖောင်တင်၊ ညောင်ကုန်း၊ ကြို့ကုန်း၊ ပန်းပဲကုန်း၊ ချားလျားကုန်း၊ ရွာသာကုန်း၊ ချောင်းနား၊ ဇီးကုန်း၊ ပွေးယား၊ ရှားတောထန်းကုန်း၊ အလယ်ရွာ၊ မအူပင်ကွေ့ စသည့်ကျေးရွာ ၁၈ ရွာ၌  လေးလက်မ အဝီစိစက်ရေတွင်း ၁၆ တွင်း၊ မြေသားရေ‌လှောင်ကန် နှစ်ကန်၊ ရေစက်ရုံ ၁၆ ခု၊  ဂါလံ ၂၀၀၀ ဆံ့ ရေစုကန် ၁၁ ခု၊ ဂါလံ ၂၄၀၀ ဆံ့ ရေစုကန် သုံးခု၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက် ခြင်းလုပ်ငန်း နှစ်ခုတို့အား ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၅၀ ဖြင့်‌ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့ပြင် ရွာသစ်ကုန်းကျေးရွာတွင် ကုန်ထုတ်လမ်း တစ်လမ်းနှင့် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ခွင့်ပြုရန်ပုံ ငွေကျပ် ၁၃၄ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ထွန်းထံမှ  သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တင်ဒါရကုမ္ပဏီများ၊ ကျေးရွာ ၁၉ ရွာမှ တာဝန်ရှိသူများ ‌တွေ့ဆုံ၍‌ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို  ချပြရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ