ပွင့်ဖြူ ၂၅ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံစေရန် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက် ၁၀ နာရီခွဲက မကွေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဉက္ကဋ္ဌ ဦးသောင်းရွှေနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာ၌ ကော်မတီဉက္ကဋ္ဌ ဦးသောင်းရွှေနှင့် ကော်မတီအဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူ - မင်းဘူး - စလင်း ကားလမ်းဘေးတွင် စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချရာတွင် တရားဝင်လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ သတ်မှတ်ထားသည့် မြေဧရိယာအကျယ်အဝန်း ပြည့်မီခြင်း ရှိ/မရှိ၊ လမ်းနယ်နိမိတ်နှင့် ကင်းလွတ်ခြင်း ရှိ/မရှိ၊ စက်သုံးဆီလှောင်ကန်များ မီးဘေးလုံခြုံရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ လုံလောက်စွာ စီမံဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းရှင်များအား ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးအား အထူးဂရုပြု ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများအဖွဲ့သည် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ကုမ္ပဏီတင်ဒါစနစ်ဖြင့် ဆောင်ရွက်ထားသော ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တင်ဒါစည်းကမ်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ရန်လိုအပ်သည့် လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီနှင့် ချိတ်ဆက်ကာ အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)