နေပြည်တော် ၂၅ ဒီဇင်ဘာ
ခရစ္စမတ်နေ့ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားကို ပျဉ်းမနားမြို့ စိန်မိုင်ကယ် ကက်သလစ်ဘုရားကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ဖာသာရ်ဦးစိုးလင်းအောင် ဦးဆောင်၍ တက်ရောက်လာကြသူများက ဓမ္မတေးသီချင်းများ စုပေါင်းသီဆိုခြင်း၊ ကျေးဇူးတော်ချီးမွှမ်းခြင်း၊ ကျမ်းစာဖတ်ကြားခြင်း၊ သိက္ခာတော်ရ ဆရာတော်များက ကောင်းချီးမင်္ဂလာ မေတ္တာပို့ဆုတောင်းခြင်း၊ ကျေးဇူးတင်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး ခရစ္စမတ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပကြသည်။
စိန်မိုင်ကယ် ကက်သလစ်ဘုရားကျောင်း လက်ထောက်ဘုန်းတော်ကြီး ဖာသာရ် ဦးအားသိုင်ကားဒီယိုက “ခရစ္စမတ်နေ့မှာ တစ်ကမ္ဘာလုံးစစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ရည်စူးပြီး ဆုတောင်းမေတ္တာပို့တဲ့ အခမ်းအနားဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း စစ်မှန်သော ငြိမ်းချမ်းရေးရရှိဖို့၊ ချစ်ခြင်းမေတ္တာလွှမ်းမိုးနိုင်ဖို့၊ ချစ်ခြင်းမေတ္တာ အရင်းခံပြီး အေးအတူ၊ ပူအမျှ ညီအကိုမောင်နှမရင်းချာကဲ့သို့ နေထိုင်ကြဖို့ ဘုရားရှင်က အလိုရှိသလို၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အားလုံးတက်ညီလက်ညီနဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ရှေ့ဆက်နိုင်ဖို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ “ခုလာမယ့် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံအတွင်း တချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေလည်း ငြိမ်းချမ်းပြီး မိသားစုစိတ်ဓာတ်၊ ညီအစ်ကို စိတ်ရင်းပမာထားပြီး အပြန်အလှန် နားလည်တတ်ခြင်း၊ ခွင့်လွတ်ခြင်းနဲ့အတူ ချစ်ခြင်းမေတ္တာကို မျှဝေနိုင်ကြခြင်းအားဖြင့် ငြိမ်းချမ်းရေးရကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းပေးသည်။
သတင်းစဉ်


