ပွင့်ဖြူ ၂၅ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကာကွယ်ဆေးထိုးနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

0264

 

သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် ကျွဲ၊ နွား တိရစ္ဆာန် ကာကွယ်ဆေးထိုးနည်းဆိုင်ရာ သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

al5

 

၎င်းနောက် သင်တန်းကိုဖွင့်လှစ်ကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများက ကျွဲ၊ နွား တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ဒေါင့်သန်းရောဂါ၊ ခွါနာလျှာနာရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ လျော့နည်းပပျောက်ရေး ကာကွယ်ဆေးထိုးနည်းစနစ်များ၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်နှင့် အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များတွင် ဖြစ်ပွားသည့် ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးထိုးနည်း၊ ဘဲရောဂါကာကွယ်ဆေးထိုးနည်း၊ ဝက်နားရွက်ပြာရောဂါ ကာကွယ်ဆေးထိုးနည်း၊ ဆိတ်ရောဂါကာကွယ်ဆေးထိုးနည်း၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနည်းများနှင့် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနည်းသင်တန်းကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံတောင်သူ သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။  
 
ရဲဝင်းနိုင် (ညောင်ဦး)