မန္တလေး ၂၅ ဒီဇင်ဘာ
သေနတ်ပစ်အားကစားနည်း သဘောသဘာဝ သိရှိစေရန်၊ သေနတ်ပစ်အားကစားနည်း ပြန့်ပွားစေရန်၊ မျိုးဆက်သစ် သေနတ်ပစ်အားကစားသမား ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီး သေနတ်ပစ်ဆပ်ကော်မတီနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် အားကစားနှင့် ကာယပညာဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံသေနတ်ပစ် အားကစားသင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီက ရတနာပုံတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်လင်းပြောကြားသည်။
ထို့နောက် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပေးအပ်ရာ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးမြင့်အောင်က လက်ခံရယူသည်။ ထို့နောက် ရတနာပုံတက္ကသိုလ် သေနတ်ပစ်နှင့် မြားပစ်အားကစား ဆပ်ကော်မတီဥက္ကဋ္ဌ (ပါမောက္ခ၊ ဌာနမှူး) ဒေါက်တာအေးမြင့်ဦး၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနက သေနတ်ပစ်အားကစားသင်တန်းသား ၈၂ ဦး၏ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
၎င်းနောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာစီစီခင်၊ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုးဝင်းနှင့် တာဝန်ရှိသူတို့က ၁၀ မီတာ Air Pisto Men (Individual)၊ ၁၀ မီတာ Air Pisto Women (Individual)၊ ၁၀ မီတာ Air Rifle Men (Individual)၊ ၁၀ မီတာ Air Rifle Women (Individual) စွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် ၁၀ မီတာ Air Pisto Men (အထူးဆု)၊ ၁၀ မီတာ Air Rifle Men (အထူးဆု) ရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသူများက သင်တန်းသားများ၏ သေနတ်ပစ်စွမ်းရည် သရုပ်ပြသခြင်းကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်စံမောင်