ကသာ ၂၆  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဈေးဝယ်၊ ဈေးသည်နှင့် ဈေးသူ၊ ဈေးသားများ အန္တရာယ် ကင်းရှင်းစေရန်အတွက် ခွေးလေ၊ခွေးလွင့် ထိန်းချုပ်ကာကွယ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀) နာရီက ကသာမြို့ သီရိခေမာ ပျံကျဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

 

8

 

အဆိုပါ ခွေးလေ၊ ခွေးလွင့် ထိန်းချုပ်ကာကွယ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း နှင့်ပတ်သက်၍ "အများပြည်သူ ခွေးလေ၊ခွေးလွင့် အန္တရာယ်ကင်းရှင်းအောင်၊ စိတ်ချမ်းသာစွာ ဈေးဝယ်ယူနိုင်ရန် အတွက် ဈေးအတွင်းရှိ ခွေးအကောင်ရေ အရမ်းကြီးပွားလာမှာစိုးလို့ အခုလို ထိန်းချုပ် ကာကွယ်ခြင်းတွေ ပြုလုပ်တာပါ၊ ယခင်ကတော့ ခွေးတွေကို အဆိပ်ကျွေးပြီးသုတ်သင်တာပါ၊ အဲ့တာကို တိချစ်သူများအဖွဲ့တွေက လက်ခံဘူး၊ ပြည်သူများကလည်း လက်ခံချင်မှ လက်ခံလိမ့်မယ်၊ အဲ့ဒီတော့ ခွေးတွေကို မသုတ်သင်တော့ပဲ ထိန်းချုပ်နည်း တစ်ခုအနေနဲ့ ယခုလို ကာကွယ်ဆေး ထိုးတာတွေ၊ သင်းကွပ်တာတွေ ဆောင်ရွက်တာပါ" ဟု ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဒုတိယ ဦးစီးမှူး ဒေါ်ဇာဇာဝင်း က ပြောကြားသည်။

 

5

 

ခွေးလေ၊ ခွေးလွင့် ထိန်းချုပ်ကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကသာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ စုပေါင်း၍ သီရိခေမာ ပျံကျဈေးအတွင်း ခွေးအထီးအမ စုစုပေါင်း အကောင်ရေ (၄၀) ခန့်အား ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်း၊ (၁) နှစ်ခံ ကာကွယ်ဆေးထိုးခြင်း၊ ခွေးထီးများအား သင်းကွပ်ခြင်း၊ ခွေးမများအား (၆) လခံ သားဆက်ခြား ဆေးထိုးခြင်း၊ ဝဲဆေးနှင့် သံဆေးများထိုးခြင်း ပြုလုပ်ခဲ့ပြီး သုတ်သင်ရှင်းလင်းခြင်းအစား ယခုနှစ်မှစတင်၍ ထိန်းချုပ်ကာကွယ်ခြင်း လုပ်ငန်းများကို စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းထက်(ပြန်/ဆက်)