ငဖဲ   ၂၆  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် သာစည်ကျေးရွာတွင် လယ်ယာထုတ်ကုန် ဧက ၃၀ဝ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

သာစည်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အိမ်ခြေ ၁၁၀၄ အိမ်၊ လူဦးရေ ၄၈၈၂ ဦးတို့၏ ကျေးလက် လယ်ယာထုတ်ကုန် ဧက(၃၀ဝ)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာမှ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မှာဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို မြေနီကျောက်စရစ်ခင်းခြင်း ၁ ဒသမ ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ၉ လက်မထု ခင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ထွန်းကမ္ဘာလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

ငဖဲမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် သာစည်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၁ ဒသမ ၁ မိုင် အပါအဝင် ပေါင်းကလေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၅ ဒသမ ၆ ဖာလုံ၊ ပေါက်ရင်းကုန်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၁ ဒသမ ၁ မိုင်လုပ်ငန်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စိုးမိုးကျော်(ကျေး/လက်)