ကော့ကရိတ် ၂၆ ဒီဇင်ဘာ

ကရင်ပြည်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ဖိ့ဗီးယော်ကွင်းအတွင်းတွင် (၈၂)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနားကို ယနေ့နံနက် ၆ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေဝန်းနီထွက်လာသည်နှင့် ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့ လွှင့်တင်အလေးပြုကြပြီးနောက် သဘာပတိနှင့် အဖွဲ့ဝင်များ စင်မြင့်ထက်တွင်နေရာယူကာ ကရင်အမျိုးသားသီးချင်း (အှ်ဃှူ့အှ်ဃှင်) သီးချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစောကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့လာသော သဝဏ်လွှာကို ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းက လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းမှ ပေးပို့သော သဝဏ်လွှာကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်မှ လည်းကောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ ပေးပို့လာသော သဝဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်းဝင်းတို့မှ လည်းကောင်း ဖတ်ကြားကြသည်။ ထို့နောက် ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာဖြင့် တာဝန်ရှိသူအသီးသီးမှ ပြောကြားခဲ့သည်။ ယင်းနောက် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ကရင်တိုင်းရင်းသား တိုင်းရင်းသူများ စုံညီစွာတက်ရောက်ကြပြီး အခမ်းအနားပြီးတွင် တာဝန်ရှိသူများနှင့် ပြည်သူလူထုများက နှစ်သစ်ကူးပွဲ ဆင်နွှဲရာကွင်းအတွင်းတွင် ပျော်ပွဲရွှင်ပွဲများကို ကြည့်ရှုအားပေးကာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

ခင်မျိုးဝင်း (ကော့ကရိတ် ပြန်/ဆက်)