မိုင်းယောင်း ၂၇ ဒီဇင်ဘာ
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော ဝိဇယာရာမ ရွှေစည်းခုံပုံတူ စေတီတော်မြတ်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အရံစေတီထီးတော်များနှင့် ရတနာရွှေပန်းခိုင်များ တင်လှူပူဇော်ပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ထီးတင်ပွဲကို ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဘဒ္ဒိယ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဂေါပကအဖွဲ့ဉက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက တက်ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿ ဗုဒ္ဓဝန္ဒနာ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အရံစေတီထီးတော်များနှင့် ရတနာရွှေပန်းခိုင်တို့ကို စေတီတော် မြတ်ကြီးအား အာရုံပြုရည်မှန်း၍ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်ကြီးများထံ ကပ်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက တင်လှူပူဇော်ခဲ့ကြကာ ဆရာတော် အရှင်သူမြတ်အပေါင်းတို့က “ဇယန္တောဗောတိယာမူလေ” အစရှိသော အောင်ဂါထာတို့ကို ရွတ်ဖတ်ပူဇော်ပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခြင်းနှင့် ဧည့်ပရိသတ်အပေါင်းတို့က “ဇိတံမေ အောင်ပြီ အောင်ပြီ” ဟု ရွတ်ဆိုပူဇော်ကာ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

အဆိုပါ ဝိဇယာရာမ ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် (၃၆)ပေရှိပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဘဒ္ဒိယ ဦးစီးပဓါနပြု၍ ဆရာတော်ကြီးများ၊ မိုင်းယောင်းတပ်နယ်မိသားစုများ၊ ဌာနဆိုင်ရာမိသားစုများ၊ အလှူရှင်များက စုပေါင်းတည်ထား ကိုးကွယ်ထားကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)