မြစ်ကြီးနား ၂၇ ဒီဇင်ဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားများ အနေဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ် မေလမှစတင်၍ ပုံစံ(၇)များ ထုတ်ပေး နိုင်ရေးကို စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ပေးအပ်သည့် စာရင်းများပါဝင်ပါက ကချင်ပြည်နယ်အတွင်းရှိ တောင်သူပေါင်း (၉၅၁၉၉)ဦး၊ ဦးပိုင်ပေါင်း (၁၀၉၉၃၉)ခု၊ ဧရိယာ (၅၁၉၂၈၀)ဧကအတွက် ပုံစံ(၇)များကို ထုတ်ပေးနိုင်ခဲ့သဖြင့် (၆၄.၄၅)ရာခိုင်နှုန်းကျော်ကို တောင်သူများလက်ဝယ်သို့ ပေးအပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

 

5

 

ယင်းနောက် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်နယ် အတွင်း တောင်သူများလက်ဝယ်သို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလေကြီး၊ ခေါင်ဖူး၊ အာလမ်၊ အကျဲ၊ နောင်နန်း၊ မန်ခိန်၊ နန်ကျင်၊ ရှဒေါင်ကျေးရွာအုပ်စုများအတွင်းရှိ တောင်သူများအတွက်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးက ဆင်ဘိုဒေသအတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအတွက် လည်းကောင်း၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ်အတွင်းရှိ ခတ်ချို၊ ရပ်ကွက်(၁)၊ နောင်စီ ပေါ၊အောင်မြေ(၁)၊ ရွှေညောင်ပင်ကျေးရွာအုပ်စုများနှင့် ဆဒုံးမြို့အတွင်းရှိ တောင်သူများနှင့် တနိုင်းမြို့နယ်အတွင်းရှိ ဒူးကောင်း၊ ကင်ဆားရာ၊ ရှင်ဗွေယန်မြို့(တရုံကျေးရွာ)များရှိ တောင်သူများကို လည်းကောင်း စုစုပေါင်း မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူ(၅၁၅)ဦး၊ ဦးပိုင်ပေါင်း (၅၄၆)ခု၊ ဧရိယာ (၄၅၂၅)ဧကတို့အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို တောင်သူများ လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြသည်။

 

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များကို မြစ်ကြီးနားခရိုင်အတွင်း ယနေ့ပေးအပ်သည့် တောင်သူ (၅၁၅)ဦးအပါအဝင် တောင်သူစုစုပေါင်း (၁၃၈၃)ဦး၊ ဦးပိုင်ပေါင်း (၁၅၄၄)၊ ဧရိယာ (၁၂၅၄၄)ဧက ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)