ရန်ကုန်  ၂၇  ဒီဇင်ဘာ 

 

သင်ကြားရေးနှင့် အထွေထွေရောဂါ ကုဆေးရုံကြီး၊ အင်းစိန် (၆) ထပ်ဆောင် သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ အဆောက်အဦ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က (၆) ထပ်ဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ (၆) ထပ်ဆောင်သစ်ကြီး တိုးချဲ့တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းဖြင့် လူနာများအနေဖြင့် သက်သာချောင်ချိစွာဖြင့် ကုသမှုခံယူနိုင်မည်ဖြစ်ပြီး လူနာတစ်ဦးမှ တစ်ဦးထံသို့ ရောဂါပိုးကူးစက်နိုင်ခြေများလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များအနေဖြင့်လည်းပိုမိုအဆင်ပြေစွာဖြင့် ကုသမှုပေးအပ်နိုင်မည်ဖြစ်ပါကြောင်း။

 

ယခုအဆောင်သစ်အပါအဝင် ဆေးရုံကြီးတစ်ခုလုံးနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရောဂါပိုးများသယ်ဆောင်သည့် ခြင်၊ ယင်အစရှိသည့် ပိုးမွှားများကင်းရှင်း ရေးအတွက် ဆေးရုံကြီးမှတာဝန်ရှိသူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပံ့ပိုးကူညီမှု၊ ပြည်သူများ၏ ပါဝင်ဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ လူနာနှင့် လူနာစောင့်များအနေဖြင့်လည်းဆေးရုံတွင် စည်းကမ်းမဲ့အမှိုက်စွန့် ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်းတို့ကို လုံးဝရှောင်ကြဉ်ကြရန်အရေးကြီးပါကြောင်း၊ ဆေးရုံကြီးသို့ အနီးရှိ မြို့နယ်များအပါအဝင် နေရာဒေသအသီးသီးမှ လူနာများက အားကိုးအားထား ပြုလာရောက်ကုသမှုခံယူနေသည်ကိုတွေ့ရှိရပါကြောင်း၊

 

ဆေးရုံကြီးမှ တာဝန်ရှိသူများအနေဖြင့် ဆေးရုံသို့ လာရောက်ကုသမှုခံယူသည့် လူနာများ၏ နေထိုင်ရာနေရာဒေသ၊ ရောဂါအမျိုးအစား၊ ရာသီအလိုက်၊ နှစ်အလိုက် ရောဂါဖြစ်ပွားမှု၊ ဓာတ်ခွဲနှင့် ဓာတ်မှန်စမ်းသပ်မှု၊ ကုသမှုအမျိုးမျိုး၊ သွေးသွင်းကုသမှုများစသည့် စာရင်းဇယားများကို စနစ်တကျပြုစုထားရှိရမည်ဖြစ်ကာ ဆေးရုံသတင်း အချက်အလက်စနစ် ခိုင်မာအားကောင်းစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးရုံနှစ်ပတ်လည် အစီရင်ခံစာကိုလည်း ပြုစုထုတ်ဝေသွားရမည်ဖြစ်ပြီး စာရင်းဇယားများကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ နောင်ကာလများအတွက် လိုအပ်မည့် ဆေးဝါး၊ ဆေးပစ္စည်းကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှုပစ္စည်းကိရိယာ၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်၊ လူနာဆောင် တို့ကိုတိကျစွာတွက်ချက်သွားနိုင်မည် ဖြစ်ပါကြောင်း၊

 

ယခုကဲ့သို့ ရောဂါဖြစ်ပွားသူများအား ကုသမှုပေးရန် ဆေးရုံအဆောင်သစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းထက် ပြည်သူများကျန်းမာရေး အသိပညာဗဟုသုတ ကြွယ်ဝကာ ရောဂါဖြစ်ပွားမှု များမှ ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုရှိပါကလည်း စောစီးစွာစနစ် တကျကုသမှု ခံယူရန်မှာပိုမိုအရေးကြီးပါကြောင်း၊ အထူးသဖြင့် မကူးစက်တတ်သော ရောဂါများ ဖြစ်သည့် သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါများသည် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါကြောင်း၊

 

ဆေးရုံကြီးဘက်စုံပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆေးရုံအထောက်အကူပြု အဖွဲ့၊ ဆေးရုံမှ တာဝန်ရှိသူများ၊ ပြည်သူများအားလုံးမှ မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လက်တွေ့မြေပြင်အခြေအနေများနှင့် အမှန်တကယ်ကိုက်ညီမည့် လုပ်ဆောင်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုမို တိုးတက်ဖွံ့ဖြိုးမှုများရရှိစေရေးအား စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို ပံ့ပိုးဆောင်ရွက်မှု များပြုလုပ်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများသို့ အနယ်နယ် အရပ်ရပ်မှ လူနာများ လာရောက်ကုသမှုခံယူလျက်ရှိခြင်း ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ပေါက် နေရာတွင် ရှိနေသော အင်းစိန်ဆေးရုံကြီးတွင် လူနာဆောင်သစ်ဆောက်လုပ်ခြင်းဖြင့် လူနာများအတွက် ကောင်းမွန်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးပြည့်ဝရေး (quality control) ကိစ္စရပ်များတွင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သည်များကိုမိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီး၊ အင်းစိန်မှ ဆေးရုံအုပ်ကြီး ဒေါက်တာမေစန်းချိုက နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၇၉၈) သန်း အကုန်အကျခံ တည်ဆောက်ခဲ့သည့် တိုးချဲ့ (၆) ထပ်ဆောင်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

mdn

 

ဆက်လက်၍ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးကကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက(၆) ထပ်ဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိတိုးချဲ့ (၄) ထပ်ဆောင် ဆောက်လုပ်ရာနေရာသို့ ရောက်ရှိပြီး တိုးချဲ့ (၄) ထပ်ဆောင်ကို လှည့်လည်ကြည့်ရှု၍ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး (၈) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာကို လှည့်လည် ကြည့်ရှုသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်၊ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက် အကူပြုပညာရှင်များအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ဆေးရုံအုပ်ကြီးဒေါက်တာ ဝင်းမော်ဦးနှင့် ဝန်ထမ်းများမှ တင်ပြလာသည့် လိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်