ရန်ကုန်  ၂၇  ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ဂီတအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးသည်။

 

mdn

 

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ ဂီတနယ်ပယ်မှ  အသင်းအဖွဲ့အချင်းချင်း စုဖွဲ့ပြီး မိမိတို့လုပ်ငန်း တိုးတက်ရာ တိုးတက်ကြောင်း ကိစ္စများနှင့် မိမိတို့အကျိုးစီးပွား ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်ခြင်းတို့သည် ဂီတလောက ဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးအတွက် ကောင်းသည်ဟု မြင်ပါကြောင်း၊ အနုပညာသမားများအနေဖြင့် နိုင်ငံတကာက လုပ်နေသည့် အနုပညာ အကျိုးစီးပွား ကာကွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် နှိုင်းယှဉ်၍ ယနေ့ခေတ်တွင် တည်ဆဲဥပဒေများနှင့်အညီ လွတ်လပ်စွာလုပ်ဆောင်နိုင်ပါကြောင်း၊ ယခု မူပိုင်ခွင့်နှင့်ပတ်သက်၍ ပြဋ္ဌာန်းပြီးဖြစ်ရာ အနုပညာတစ်ရပ်ဖြစ်သော ဂီတလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာများနှင့် ပူးပေါင်းပြီး မိမိတို့လောက အကျိုးစီးပွားနှင့် ရှင်သန်ရပ်တည်ဖွံ့ဖြိုးမှုတို့ကို  ပီပီသသ လုပ်ဆောင်သွားနိုင်မည်ဟု မြင်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေနှင့်လည်း သက်ဆိုင်သည့် အစိတ်အပိုင်းများတွင် လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ တေးသံရှင်များအသင်း၊ မြန်မာနိုင်ငံ တေးရေးပညာရှင်များအသင်း၊ အသင်းအဖွဲ့လျှောက်ထားဆဲဖြစ်သည့် တေးသီချင်းမူပိုင် ထုတ်လုပ်သူများ အသင်းတို့မှ တက်ရောက်လာကြသည့် မြန်မာပြည်သိန်းတန်၊ ဦးမြင့်မိုးအောင်၊ ဦးမင်းချစ်သူ၊ ဥသြမောင်မောင်၊ အကော်ဒီယံ ဦးအောင်မင်းနိုင်၊ ဦးကြည်မင်းသိန်း၊ အနဂ္ဂနှင့် ရေဗက္ကာဝင်းတို့က စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ၊ တေးသီချင်း အနုပညာကြေးနှင့် ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနက တည်ဆဲဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဂီတလောကဖွံ့ဖြိုးတိုးတက်ရန်  အသင်းများအလိုက် ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်သည်များကို ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဂီတအသင်း အဖွဲ့များမှ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 

သတင်းစဉ်