ရန်ကုန် ၂၇ ဒီဇင်ဘာ
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်၊ သွင်းကုန်ရုံး (ရန်ကုန်) ၌ ကျင်းပသည်။
ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ယှဉ်ပြိုင်မှု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းမောင်က ယှဉ်ပြိုင်မှု ဥပဒေ၊ နည်းဥပဒေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက ယှဉ်ပြိုင်မှု ကော်မရှင်၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ထားရှိမှုတို့အပေါ် သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်တို့က ပြန်လည်ဆွေးနွေးဖြေကြားသည်။
ယှဉ်ပြိုင်မှု ဥပဒေ၏ ရည်ရွယ်ချက်မှာ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ဆောင်ရွက်ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု၊ ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရန်၊ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ်တွင် မျှတမှုမရှိသော ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်ရန်၊ ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းများအကြား ကန့်သတ်ထားရသော သဘောတူညီချက်နှင့် အစီအမံများကို ထိန်းချုပ်နိုင်ရန် တို့ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်မှု ဥပဒေကို ၂၀၁၅ ခုနှစ် တွင်စတင်ပြဋ္ဌာန်းကာ ၂၀၁၇ ခုနှစ်တွင် အာဏာ သက်ရောက်သဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ကို စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်အနေဖြင့် တစ်နှစ်တာ ကာလအတွင်း တိုင်ကြားစာများနှင့် အကြံပြုစာများမြောက်မြားစွာရရှိခဲ့သဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် တိုင်ကြားမှု အနေဖြင့် ၁၀ မှုရှိခဲ့ကာ လေးမှုကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ် ကြောင်းသိရသည်။
ယှဉ်ပြိုင်မှု ဥပဒေနှင့် စပ်လျဉ်း၍ ဥပဒေအကြောင်းအရာ ပြဋ္ဌာန်းချက်များနှင့် အနှစ်သာရများကို သတင်းမီဒီယာများသိရှိနာလည်ပြီး ထိုမှတစ်ဆင့် ပြည်သူများထံ ပြန်ပွားသိရှိသွားစေရန် ရည်ရွယ်ကာ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး