နေပြည်တော် ၂၇  ဒီဇင်ဘာ

           

မြန်မာနိုင်ငံစာရင်းကောင်စီ၏ ၁၇ ကြိမ်မြောက် လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာ စာရင်းကိုင်စာမေးပွဲ အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ သင်တန်းကျောင်း၌  ကျင်းပသည်။

 

5

           

အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ ဖြစ်သူ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာ၌ အရည်အသွေးပြည့်ဝသည့် စာရင်းပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ် နေခြင်းအတွက် မြန်မာနိုင်ငံ စာရင်းကောင်စီ၏ ရည်မှန်းချက်နှင့်အညီ အရည်အချင်း ပြည့်မီ သော စာရင်းပညာရှင်များ ၊ စာရင်းပညာတတ်ကျွမ်းသူများကို ၁၉၇၂ ခုနှစ်မှ စတင်ပြီး စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါကြောင်း ၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်စာမေးပွဲ အောင်မြင်ပြီး သတ်မှတ်အလုပ်သင်ကာလပြီးမြောက်ပါက CPA (Full Fledged) အဖြစ် ရရှိမှာဖြစ်ကြောင်း ၊ CPA (Full Fledged) ၁ နှစ်ပြည့်ပါက အများပြည်သူသို့ စာရင်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ (Professional Accountant in Public Practice) အဖြစ်လျှောက်ထားခွင့်ရှိမည် ဖြစ်ကြောင်း ၊ အရည်အချင်းပြည့်ဝခဲ့လျှင် ASEAN CPA အဖြစ် လျှောက်ထားနိုင်ပါကြောင်း ၊ ထိုမှတစ်ဆင့် ASEAN နိုင်ငံများတွင် သွားရောက်၍ အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အောင်လက်မှတ်ရရှိပြီးသူများ အနေဖြင့် မည်သည့် လုပ်ငန်းခွင်နယ်ပယ်တွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ စာရင်းပညာဆိုင်ရာ ကျင့်ဝတ် ၊ သိက္ခာ၊စည်းကမ်းများကို တိကျစွာလိုက်နာပြီး ရိုးသားဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် မိမိတို့တတ်ကျွမ်းထားသော စာရင်းပညာရပ် များကို အသုံးချ၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

           

ထို့နောက် ဆုနှင့်ပညာရေး ရန်ပုံငွေလှူဒါန်းခဲ့သည့် အလှူရှင်များအား မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် မြန်မာနိုင်ငံစာရင်းကောင်စီဝင်များ ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း နာယကနှင့် အလုပ်အမှုဆောင်များက စာမေးပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် ဘာသာရပ်အလိုက် အမှတ်အများဆုံးရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ၊ ဒုတိယပိုင်း စာမေးပွဲ အောင်မြင်သူများနှင့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ် စာမေးပွဲအောင်မြင်သူများအား အောင်လက်မှတ်များချီးမြှင့် ပေးအပ်ကြသည်။

 

(သတင်းစဉ်)