နေပြည်တော် ဒီဇင်ဘာ ၂၇
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Akaba Kazuyoshi နှင့်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပို့ဆောင်ရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ နည်းပညာ တိုးမြှင့်အသုံးချရေး၊ လူ့သားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်းကဏ္ဍအနေဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရေး၊ ရေကြောင်းကဏ္ဍအနေဖြင့် သီလဝါ၌ ဆိပ်ခံတံတားသစ်များတည်ဆောက်ရေး၊ မန္တလေးဆိပ် ကမ်းသစ်တည်ဆောက်ရေး၊ ရထားကဏ္ဍတွင် ရန်ကုန် - မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး၊ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေး၊ ရန်ကုန်မြို့ပြရထားပို့ဆောင်ရေးစီမံကိန်းများတွင် ရထားသံလမ်းပြုပြင်ရေး၊ နည်းပညာအဆင့်မြှင့်တင်ရေးသင်တန်းများတွင် မြန်မာနိုင်ငံမှ သင်တန်းသားများကို ဖိတ်ခေါ်၍ သင်ကြားပို့ချခြင်းကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် လေကြောင်းကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် Memorandum of Cooperation in the Field of Civil Aviation between the Department of Civil Aviation, Ministry of Transport and Communications of the Republic of the Union of Myanmar and the Civil Aviation Bureau, Ministry of Land, Infrastructure, Transport and Tourism of Japan နှင့် ဆိပ်ကမ်းကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် Letter of Cooperation between Myanma Port Authority, Ministry of Transport and Communications of the Republic of the Union of Myanmar and Ports and Harbours Bureau, the Ministry of Land, Infrastructure, Transport and Tourism of Japan တို့ကို သက်ဆိုင်ရာဌာနအကြီးအကဲများက လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Akaba Kazuyoshi နှင့် အဖွဲ့အား Park Royal Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)