နေပြည်တော် ၂၇ ဒီဇင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်)ဒေါက်တာထွန်းနိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပင်မသဘာဝဓာတ်ငွေ့ထိန်း/ဖြန့်စခန်း (ရွာမ) နှင့် သဘာဝဓာတ်ငွေ့(CNG) အိုးများ ကြံ့ခိုင်မှုစစ်ဆေးသည့် စက်ရုံတို့အား ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်း (ရွာမ) ၏လက်အောက်တွင် သဘာဝ ဓာတ်ငွေ့ ထိန်း/ဖြန့်စခန်းပေါင်း (၂၄) ခုရှိပြီးသဘာဝဓာတ်ငွေ့များကို ရတနာကမ်းလွန် စီမံကိန်းမှ ကုဗပေ ၂၂၅ သန်းခန့်၊ ဇောတိကကမ်းလွန်စီမံကိန်းမှ ကုဗပေ ၈၅ သန်းခန့်နှင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့မြေများမှ ကုဗပေသန်း ၂၀ ခန့်အား သဘာဝဓာတ်ငွေ့ ထိန်း/ ဖြန့် စခန်း (ရွာမ)မှ ပြည်တွင်းသို့ ထိန်းသိမ်းဖြန့်ဖြူးပေးလျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သဘာဝဓာတ်ငွေ့ (CNG) အိုးများ ကြံ့ခိုင်မှု စစ်ဆေးသည့်စက်ရုံသို့ သွားရောက်စစ်ဆေးရာ စက်ရုံရှင်းလင်းဆောင်တွင် CNG အထွေထွေမန်နေဂျာမှ သဘာဝဓာတ်ငွေ့ (CNG)အိုးများ ကြံ့ခိုင်မှု စစ်ဆေးသည့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေပုံအား လက်တွေ့ရှင်းလင်းပြသသည်။
ရှင်းလင်းပြသမှုအပေါ် ဒုတိယဝန်ကြီးက Cylinder အိုးများအသုံးပြုမောင်းနှင် နေသော မော်တော်ယာဉ်များသည်ခရီးသွားပြည်သူ အများအပြားကို သယ်ယူပို့ဆောင်ပေးနေရသောကြောင့် Cylinder အိုးများကြံ့ခိုင်ကောင်းမွန်ရေးသည် အရေးကြီးပါကြောင်း၊ Cylinder အိုးများအား ကြံ့ခိုင်မှုစစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး (CNG) အိုးများကြံ့ခိုင်မှုစစ်ဆေးလုပ်ကိုင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ (CNG) အိုးများကြံ့ခိုင်မှု စစ်ဆေးသည့် စက်ရုံများကို ၂၀၁၃ ခုနှစ်တွင် သာကေတတွင်တစ်ရုံနှင့် ၂၀၁၇ ခုနှစ်တွင် ရွာမတွင် တစ်ရုံတည်ဆောက်ပြီးစီး၍ အဆိုပါစက်ရုံနှစ်ရုံမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၈၄၇၉၄ လုံးအား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။ အထက်မြန်မာပြည်မန္တလေး၊ မကွေးနှင့် ချောက်ဒေသရှိ (CNG) အိုးများအား စစ်ဆေးပေးနိုင်ရန်အတွက် သာကေတရှိိစက်ရုံအား မန္တလေးသို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့်အပြင် ယခုအခါ သဘာဝဓာတ်ငွေ့ရည် LPG သုံးစွဲမှု ပိုမိုများပြားလာပြီး LPG အိုးများ၏ ကြံ့ခိုင်မှုစစ်ဆေး ပေးနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


