နေပြည်တော် ၂၇  ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာ စာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၁၉-၁၂-၂၀၁၉) ရက်နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် (၂၁-၁၀-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့ထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ လေးဦးကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ်နှစ်ဦး၊ မဂ္ဂဇင်းနှစ်ဦး၊ အထွေထွေ ၁၉ ဦး ပေါင်း ၂၃ ဦးကိုလည်းကောင်း သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားသူ ၂၂ ဦးကို လည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန်ခွင့်ပြု ပေးခဲ့ပါသည်။ ။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၁၂ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၂၇၆၀ နှင့် သတင်းအေဂျင်စီလုပ်ငန်း ၂၆၁ ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၆၃၃ ဦးအား အသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြု ပေးခဲ့ပြီးဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန