ရွှေဘို ၂၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာရှိ စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒေသခံတောင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရွှေဘိုခရိုင်တွင် သဖန်းဆိပ်ဆည်ရေမှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မိုးသီးနှံစိုက်ဧက(၄)သိန်း (၈)သောင်းနှင့် နွေသီးနှံစိုက်ဧက (၄)သိန်း(၂)သောင်းခန့်ဖြင့် စုစုပေါင်း စိုက်ဧက(၉)သိန်းခန့်ကို ရေပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းသောကြောင့် နွေသီးနှံများကို ရေပေးနိုင်ခြင်းမရှိတော့ဘဲ လာမည့်နှစ် စိုက်ပျိုးရာသီအတွက် ရွှေဘိုပေါ်ဆန်းစပါး ပျိုးထောင်ရန်အတွက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တောင်သူများအနေဖြင့် အဆိုးထဲက အကောင်းဆိုသလို နှစ်စဉ် သဖန်းဆိပ်ဆည်ရေသောက် ဒေသများမှာ စပါးပြီး စပါးစိုက်ပျိုး လာမှုကြောင့် မြေဆီလွှာများပျက်စီးခြင်းနှင့် ဒုံပေါက်ခြင်း၊ စပါးခင်းများတွင် ဆစ်ပိုးများ တစ်နှစ်ပတ်လုံး ကျရောက်ဖျက်ဆီးခြင်းများ ကြုံတွေ့ရသည့်အတွက် တောင်သူများအနေဖြင့် မြေဩဇာနှင့် ပိုးသတ်ဆေးကုန်ကျစရိတ် ပိုမိုကုန်ကျခဲ့ကြောင်း၊ ထို့ကြောင့် ယခုလက်ရှိ သဖန်းဆိပ်ဆည်ရေ လျော့နည်းချိန်ကာလတွင် စိုက်ပျိုးပညာရှင်များနှင့်ပူးပေါင်း၍ စပါး-ပဲ-စပါး စိုက်နည်းစနစ်နှင့် စပါး-နှမ်း-စပါး သီးလှည့်၊ သီးကြိုစိုက်နည်းစနစ်များဖြင့် ပြောင်းလဲဖော်ဆောင်သွားမည် ဖြစ်သည့်အတွက် ဖျက်ပိုးများ၏ အန္တရာယ်လျော့နည်းခြင်းနှင့် မြေဆီလွှာပျက်စီးမှုများအား ထိန်းသိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တောင်သူများအနေဖြင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေးနည်းစနစ်များအား လိုက်နာဆောင်ရွက်နိုင်ရေး၊ ဆည်ရေပမာဏကို အကျိုးရှိစွာ သုံးစွဲနိုင်ရေး၊ သက်ဆိုင်ရာဌာနမှ ပညာရှင်ဝန်ထမ်းများဖြင့် တိုင်ပင်ဆွေးနွေးလုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော တောင်သူများက ရေဆိုးမြောင်းများ၊ လှတောမြောင်းခွဲ၊ လက်တန်(၁)ပြန်လည် ပြင်ဆင်ပေးနိုင်ရေး၊ လှတောမြောင်းခွဲ လက်တန်(၂)ပေါ်ရှိ ကုန်ထုတ်တံတားအား ပြန်လည် ပြုပြင်ပေးနိုင်ရေး၊ မြေအောက်ရေရရှိရေးနှင့် သဘာဝမြေဩဇာ ပိုမိုသုံးစွဲနိုင်ရေးအတွက် တင်ပြခဲ့ရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ခဲ့ကြသော တောင်သူများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)